ရန်ကုန်၊ ၂၅ ဇန်နဝါရီ
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသောကာလတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ပြည်သူမှပြည်သူသို့မျှဝေခြင်း အစီအစဉ်ဖြင့် We Love Yangon အဖွဲ့မှ အလှူရှင်များလှူဒါန်းသော အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးလျက်ရှိရာ ဇန်နဝါရီ ၂၅ ရက် မွန်းတည့် ၁၂ နာရီက အခြေခံအိမ်ထောင်စု ၃၀၀ အတွက် စားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် Vito ပဲနို့၏ ၃ နှစ်ပြည့် အထိမ်းအမှတ် ပဲနို့ ၁၅၀ ပါကင်နှင့် ငွေကျပ်သိန်း ၃၀ တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို မြို့မ (၁)ရပ်ကွက်၊ မြို့မ (၃)ရပ်ကွက်၊ မြို့မ (၄)ရပ်ကွက်၊ (၆)နံပါတ်ရပ်ကွက်၊ တာကြီးရပ်ကွက်၊ ငါးတန်တံရာကျေးရွာနှင့် ထော်အောက်ကျေးရွာတို့ရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၃၀၀ စုအတွက် တစ်အိမ်ထောင်လျှင် ဆန်ခြောက်ပြည် ၁ အိတ်၊ ခေါက်ဆွဲခြောက် တစ်ပါကင်၊ ဆီ ၁ ဘူး၊ ငါးသေတ္တာ ၅ ဘူး၊ ပဲနို့ ၄ ဘူး စသည့် အခြေခံစားသောက်ကုန်များကို Vito ပဲနို့ကုမ္ပဏီမှ Brand Assistant ဒေါ်နှင်းထက်ထက်ရှိန်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးကျော်လင်းနှင့် We Love Yangon-Dala လူထုအခြေပြု ပရဟိတအဖွဲ့မှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ လှူဒါန်းပေးခဲ့ကြသည်။
We Love Yangon လူထုအခြေပြု ပရဟိတအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူမှပြည်သူသို့မျှဝေရေး အစီအစဉ်ဖြင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် ဒလမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများရှိ အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၃၀၀၀ ဝန်းကျင်ကို အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးကျော်လင်းက ပြောကြားခဲ့သည်။
သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(IPRD)


