မန္တလေး၊ ၂၅ ဇန်နဝါရီ
မန္တလေးခရိုင် ၇ မြို့နယ်အတွင်းတွင် ယာဉ်တိုက်မှုကြောင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ယာဉ်တိုက်မှုကြောင့် သေဆုံးသူဦးရေ ၁၀၇ ဦး ရှိခဲ့ကြောင်း အမှတ် ၁၄ ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (မန္တလေး) မှ သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အမှုပေါင်း ၂၅၇ မှု နှင့် ထိခိုက်ဒဏ်ရာရှိသူ ၂၅၈ ဦး ထိရှိခဲ့ပြီး ယင်းအမှုများတွင် ဆိုင်ကယ်ကြောင့် ယာဉ်တိုက်မှု အဖြစ်များကြောင်း သိရသည်။ သေဆုံးသူများတွင် အမျိုးသား ၉၀ ရှိပြီး အမျိုးသမီး ၁၇ ဦး ရှိကြောင်း သိရသည်။
“မန္တလေးခရိုင်အတွင်းမှာက ဆိုင်ကယ်ကြောင့် ယာဉ်တိုက်မှုတွေ သေဆုံးမှုတွေက နှစ်စဉ်အလိုက် တိုးနေတာ ဒါဟာဘာကြောင့်လဲဆိုတော့ မဆင်မခြင်မောင်းတာတွေ၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းတာတွေက များနေလို့ပဲ” ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မန္တလေးခရိုင်အတွင်း ယာဉ်တိုက်မှုများမှာ ညနေခင်းရုံးတက် ရုံးဆင်းချိန်တွင် အများဆုံး ဖြစ်လေ့ရှိကြောင်း သိရသည်။
ဖြိုးအိ


