မြစ်ကြီးနား၊ ၂၆ ဇန်နဝါရီ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့အား ဆက်သွယ်ထားသော ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားအမှတ်(၂) တည်ဆောက်ရန်အတွက် ယခုနှစ်တွင် အကြိုအင်ဂျင်နီယာလုပ်ငန်းများစတင် ဆောင်ရွက် လျက်ရှိကြောင်း တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူးရုံး၊ တံတားအထူး အဖွဲ့(၁)ထံမှ သိရသည်။

 

ဗလမင်းထင်အမှတ်(၂) တံတား အကြိုအင်ဂျင်နီယာလုပ်ငန်းများနှင့် ပတ်သက်ပြီး တံတားအထူးအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူး ဦးစောဇာနည်လှက ရန်ပုံငွေရရှိမှုမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း (၁၀၀၀) ခွဲဝေချထားပေးခဲ့ပြီး ယခုနှစ်အတွက် ပင်မတံတားရေလယ်တိုင် စမ်းသပ်ခြင်းလုပ်ငန်း၊ လမ်းပုံထုတ်တိုင်းတာခြင်း၊ မြစ်ရေစီးကြောင်းတိုင်းတာခြင်း လုပ်ငန်းများနှင့် မြေယာလျော်ကြေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောပြသည်။

 

လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားကိုလည်း တံတားကြံ့ခိုင်မှုအားနည်းလာသဖြင့် တံတားသစ် ပြီးစီးပါက တံတားဟောင်းပေါင်ကို မြှောက်တင်ပြီး အကြီးစားပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အသွား၊ အပြန် (၄)လမ်းသွားအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၁) ဒုတိယညွှန်ကြားရေးမှူး က ထပ်မံရှင်းပြသည်။

 

အဆိုပါ တံတားအမှတ် (၂)ကို မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားကားလမ်းပေါ်ရှိ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့ကို ဆက်သွယ်ထားပြီး လက်ရှိဗလမင်းထင်တံတား၏ အောက်ဘက် မီတာ(၄၀) အကွာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တံတားအရှည် ၃၂၁၂ ပေ  ၉၇၉ မီတာရှိပြီး သံကူကွန်ကရစ်   ရေလယ်တိုင်နှင့် ကမ်းကပ်ခုံ၊ Steel Truss ၊ Steel Box Girder and RCC Slab အမျိုးအစားတံတားဖြစ်ကာ တံတားအကျယ်မှာ ယာဉ်သွားလမ်း (၂၄)‌ပေ၊ လူသွားလမ်း တစ်ဖက်လျှင် (၃)ပေစီရှိပြီး  ခွင့်ပြုအလေးချိန် ယာဉ်တစ်စီးချင်း (၇၅)တန် ဖြတ်သန်းသွားလာနိုင်ကြောင်းနှင့် တံတားသစ်စီမံကိန်း (၃)နှစ်ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရသည်။

 

လက်ရှိအသုံးပြုနေသော ဗလမင်းထင်တံတားသည် နှစ်ပေါင်း (၂၅)ခန့်နေရှိပြီဖြစ်ပြီး ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့သို့ ဗန်းမော်ခရိုင်နှင့် တရုတ်နိုင်ငံနယ်စပ်တို့မှ ကားများဖြတ်သန်းသွားလာရာ တံတားတစ်စင်းဖြစ်ပြီး ၂၀၁၈-၂၀၁၉ ကာလအတွင်း တံတားဖြတ်သန်းသွားလာမှု စစ်ဆေးကောက်ယူချက်အရ တစ်ရက်လျှင် ယာဉ်အစီးရေ (၃၀၀၀)ကျော်ခန့် သွားလာလျက်ရှိသဖြင့် ကချင်ပြည်နယ်အတွင်း အသုံးပြုမှုအများဆုံးဖြစ်သော တံတားတစ်စင်းလည်းဖြစ်သည်။

 

မျိုးမြင့်စိုး(ပြန်/ဆက်)