ကျောက်ဆည်၊  ၂၆   ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အရှေ့ဘက်ခြမ်းဒေသများတွင် ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးသော နနွင်းတက်စိုက်ခင်းများ လှိုင်လှိုင်တူးဖော်လျက်ရှိပြီး ယခင်နှစ်ထက် အထွက်နှုန်းလျော့ကျ ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

 

နနွင်းတက်က အခြားသီးနှံနဲ့ တွဲဖက်စိုက်ပျိုးလို့ရတဲ့အတွက် ဒီဒေသမှာတော့ စိုက်ပျိုးမှုများပါတယ်။ အများဆုံးကတော့ နှမ်းနဲ့ တွဲဖက်စိုက်ပျိုးကြတယ်။ ယာခင်းထဲမှာ စိုက်ပျိုးပြီး ပစ်ထားလိုက်ရုံပဲ။ ပြီးရင် အပေါ်က ထပ်မံပြီးနှမ်းစိုက်ပျိုးကြတယ်။ နှမ်းသိမ်းပြီးချိန်မှ နနွင်းတက်စိုက်ခင်းအတွက် ပြင်ဆင်မှုများ လုပ်ကြတာပါဟု ကျောက်ဆည်မြို့နယ် ပဲခင်းကျေးရွာမှ နနွင်းစိုက်တောင်သူ ကိုတိုးတိုးအောင်က ပြောပြသည်။

 

နနွင်းစိုက်ခင်းတွေ လှိုင်လှိုင်တူးဖော်နေပါပြီ။ ဒီနှစ်ကတော့ ရာသီဉတုကြောင့်လို့ထင်တယ်။ ယခင်နှစ်တွေက တစ်ဧကစိုက်ရင် ပိဿာချိန် (၁၅၀ဝ)ကျော်လောက် ထွက်တယ်။ ဒီနှစ်တော့ တစ်ဧက (၁၀ဝ၀)လောက်ပဲ ထွက်မယ်ထင်တယ်။ နနွင်းက စရိတ်စကများတယ်။ စစ်စစ်ပေါက်ပေါက်တွက်ရင် တစ်ဧက စိုက်ရင် ကုန်ကျစရိတ် ဆယ်သိန်းကျော်တယ်။ ဒီနှစ် နနွင်းစိုက်တောင်သူတွေ မရှုံးပေမယ့် တွက်ခြေတော့ မကိုက် ကြဘူး ဟု ၎င်းက ပြောပြသည်။

 

နနွင်းက တောင်ပေါ်ဒေသရော၊ မြေပြန့်ဒေသပါစိုက်ပျိုးလို့ရတယ်။ ကျွန်တော်တို့ဒေသက ဆည်ရေသောက် စနစ်ဆိုတော့ တန်ခူးလ၊ ကဆုန်လလောက်မှာ စတင်စိုက်ပျိုးကြတယ။ တစ်ဧကကို နနွင်းခေါင်းကို စိုက်ရင် တင်း(၅၀/၆၀)လောက်စိုက်ပျိုးရပြီး  နနွင်းတက်အစိုကို ပျိုးပြီး စိုက်ပျိုးပါက တင်း(၇၅/၈၀)လောက်ထိ စိုက်ပျိုးရတယ်။ နနွင်းက အလုပ်တော့သိပ်မရှုပ်ဘူး။ စိုက်ပျိုးပြီးရင် အပေါ်က နှမ်းကြဲကြတယ်။ နှမ်းသိမ်းပြီးမှ မြေပြုပြင်၊ ရေသွင်း၊ ပေါင်တင်၊ မြေဩဇာထည့်ရတယ်။ ဝါဆိုလလောက်ဆို အပင်တွေစတင် ပေါ်ထွက်လာပြီး လိုအပ်ရင် ပေါင်းရှင်းတာတို့၊ ရေသွင်းတာတို့၊ ပိုးသတ်ဆေးဖျန်းတာတို့ ပြုလုပ်ပေးရတယ်။ ပြာသိုလ၊တပို့တွဲလ၊ လောက်မှာ နနွင်းရွက်တွေ ဝါလာရင် တူးဖော်ကြတယ်။ အပင်ဘေးကထွက်တဲ့ အစွယ်ကို အတက်လို့ခေါ်ပြီး အပင်ခြေကို ခေါင်းလို့ခေါ်တယ်။ နနွင်းခေါင်းကိုတော့ နောက်နှစ် စိုက်ပျိုးရန် သိမ်းထားပြီး ဈေးကွက်သို့ တင်ပို့ရောင်းချမည့် နနွင်းတတ်များကို ရေနွေးနဲ့ပြုတ်ကာ တစ်ပတ် ဆယ်ရက် လောက် နေလှန်းပေး ရတယ်။ တချို့က နောက်နှစ်ကြမှ မျိုးသပ်သပ်ဝယ်စိုက်ကြတာလည်းရှိတယ်။ ပိုးမွှားကင်းစင်မှု၊ အပင်ဖြစ်ထွန်းမှုပေါ် မူတည်ပြီး နနွင်းအခြောက် တစ်ဧကကို  ပိဿာချိန် ၁၀ဝ၀ ဝန်းကျင် လောက် ထွက်တယ်။ လက်ရှိရွာမှာတော့ နနွင်းတက် တစ်ပိဿာကို ငွေကျပ် (၂၀ဝ၀)ကျော် ဈေးပေါက်နေတယ် ဟု ၎င်း က ဆက်လက်ပြောပြသည်။

 

အဆိုပါ ဒေသများသည် ဆည်ရေသောက်စနစ်ဖြင့် သီးနှံများ ရာသီမရွေးစိုက်ပျိုးနိုင်ပြီး စပါး၊ နှမ်း၊ ငရုတ်၊ ငှက်ပျော၊ ကွမ်းရွက်၊ နနွင်းတက် အစရှိသော သီးနှံများ အဓိက စိုက်ပျိုးလျက်ရှိပြီး နနွင်းစိုက်ခင်းများ လှိုင်လှိုင်တူးဖော်လျက်ရှိရာ ယခင်နှစ်များထက် အထွက်နှုန်းလျော့ကျကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)