ဝန်းသို၊ ၂၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး စီးဌာနတို့နှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းအဖြစ် "ဝဥ” စိုက်ပျိုးနည်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းအား ယနေ့နံနက်(၁ဝ)နာရီတွင် ဒုတိယအကြိမ်အဖြစ် တပ်လွင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးအသိပညာအဖြစ် "ဝဥ" စိုက်ပျိုးနည်း၊ GAP စနစ်ဖြင့် ဘေးကင်းလုံခြုံသော စိုက်ပျိုးထုတ်လုပ်မှု၊ သဘာဝပိုးသတ်ဆေးပြုလုပ်နည်း၊ EM ဘိုကာရှီမြေဆွေး ပြုလုပ်နည်း၊ စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးခြင်း၊ မွေးမြူရေးဆိုင်ရာ အသိပညာအဖြစ် ကောင်းမွန်သောမွေးမြူရေးကျင့်စဉ်( GAHP)၊ အာဖရိကဝက်အပျင်းဖျားရောဂါ၊ ဝက်နားရွက် ပြာနှင့် တိရစ္ဆာန်များကို ကာကွယ်ဆေးများလက်တွေ့ထိုးနှံပုံ (လက်တွေ့လေ့ကျင့်ခန်း) စသည်တို့ကို စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပညာရှင်များက စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ်ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းကို သင်တန်း ကာလ(၅)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရပြီး တပ်လွင်ကျေးရွာ၊ ကျောက်တော ကျေးရွာ၊ ဆင်ကုန်းကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ(၄ဝ)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
မွှေးကြူဇင်


