ဇလွန် ၊ ၂၆ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အတွင်းရှိ ညောင်ပင်ရွာသစ် ကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ အရှေ့ရွာသစ်ကုန်းကျေးရွာ၊ ကျုံတနော်(တောင်) ကျေးရွာ လေးရွာတွင် နွေရာသီကာလ သောက်သုံးရေ ရှားပါးပြတ်လပ်မှုမရှိစေရေးအတွက် လေးလက်မ အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ရေစက်ရုံ၊ ရေကန်၊ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာ ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်မူမူသင်းနှင့် ဝန်ထမ်းများက ကျေးရွာသောက်သုံးရေရရှိရေး ကော်မတီဝင် များနှင့်အတူ အဆိုပါကျေးရွာများရှိ စက်ရေတွင်းတူးဖော်ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှု၍ လုပ်ငန်းအချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မှီစေရေး အလေးထား ဆောင်ရွက်သွားကြရန် မြို့နယ်ဦးစီးမှူးမှ ဆွေးနွေးမှာကြားသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ ရာသီမရွေး သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ် စုစုပေါင်း ၅၂ သန်းဖြင့် ညောင်ပင်ရွာ သစ်ကျေးရွာ၊ ထန်းတပင်ကျေးရွာ၊ အရှေ့ရွာသစ်ကုန်းကျေးရွာ၊ ကျုံတနော်(တောင်) ကျေးရွာ လေးရွာတွင် လေးလက်မစက်ရေတွင်း ၄တွင်း ၊ ရေစက်ရုံ ၄ခု၊ ဂါလန် ၂၄၀ဝဆံ့ ရေကန်၂ခု၊ စင်မြင့်ရေစင်၂ ခုတည်ဆောက်ခြင်း လုပ်ငန်းများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာများ စုဖွဲ့၍ ဇန်နဝါရီ ပထမပတ်မှ စတင်ဆောင်ရွက်လျက် ရှိကြောင်း ဇလွန်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မူမူသင်း ထံမှ သိရသည်။
အဆိုပါ ကျေးရွာလေးရွာတွင် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၃၄၉ မှ လူဦးရေ ၁၇၅၅ တို့အပြင် ကျွဲ၊ နွား၊ တိရိစ္ဆာန်များ အတွက်ပါ ရာသီမရွေးသောက်သုံးရေဖူလုံစွာရရှိရေး အကျိုးပြုသွားမည်ဖြစ်ကြောင်း ဇလွန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်မူမူသင်းမှ ဆက်လက် ပြောပြ၍ သိရသည်။
သော်ဇင်အောင်(နတ်မောက်)


