ဘုတ်ပြင်း၊  ၂၆ ဇန်နဝါရီ

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ရေငံကြီးကျေးရွာအုပ်စု ရေငံကြီးကျေးရွာနှင့် တောင်ပေါ်ကျဆိပ်ကမ်းအကြားရှိ ဆင်ခေါ်ချောင်းအနီးတွင် ရေဒီယိုကော်လံတပ်ဆင်ထားသည့် တောဆင်ရိုင်း ဟိုင်း(ထီး) အသက်(၂၀)နှစ်ခန့်ရှိ ဆင်တစ်ကောင်  ၎င်းဆင်၏ ရှေ့ဘယ်ဘက်လက်တွင် ကျော့ကွင်းမိ၍ အသားအတွင်း ကြိုးနစ်ဝင်လျက် ဒဏ်ရာပြင်းထန်စွာ ရရှိထားသဖြင့် နှေးကွေးစွာသွားလာလှုပ်ရှားနေကြောင်း သတင်းအရ ဆင်ဆရာဝန်ဖြင့် ဆေးကုသမှုပေးနိုင်ရန် ဇန်နဝါရီ  ၂၄ ရက် နံနက် ၇ နာရီက ကော့သောင်းခရိုင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ လန်ပိအမျိုးသား အဏ္ဏဝါ ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကြည့်ဦး၊ FFI မှ ဦးစောစိုးအောင်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ မေ့ဆေးဆရာဝန် ဒေါက်တာဇော်မင်းဦး၊ ခွဲစိတ်ဆရာဝန် ဒေါက်တာစံလင်းနှင့် ပူးပေါင်းအဖွဲတို့သည် ဒဏ်ရာရ တောဆင်ရိုင်းအား လိုက်လံရှာဖွေ့ခဲ့ကြသည်။

 

အမြင့်  ၈ ပေ ၆ လက်မ၊ လုံးပတ်  ၁၂ ပေ၊ အလျား ၈ ပေနှင့် အမြီး ၄ ပေ ရှိသည့် တောဆင်ရိုင်းအား ဆေးကုသရန် မေ့ဆေးဆရာဝန်မှ  ဆင်အား မေ့ဆေးသေနတ်ဖြင့် မေးဆေးပေး၍ သတိမေ့မျောသွားချိန်၌ ဒဏ်ရာအား ခွဲစိတ်ဆေးထည့်ပြီး အနာကျက်ဆေး၊ အရောင်လျော့ဆေး၊ သန်ချဆေး၊ အားဆေးများ ထိုးပေးပြီး ကုသပေးသော်လည်း အဆိုပါဆင်မှာ နံနက် ၁၁ နာရီခွဲခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ဆင်ဆရာဝန်၏ ပြောကြားချက်အရ ဆင်၏ဒဏ်ရာမှာ (၃)လခန့် အချိန်ကြာမြင့်နေပြီး အားနည်းနေသည့်အတွက် မေ့ဆေးဒဏ်မခံနိုင်ခြင်းတို့ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်းနှင့် အဆိုပါသေဆုံးသည့် ဆင်အား မြေမြုပ်သင်္ဂြိုဟ်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

 

သန်းထွန်းဦး(ပြန်/ဆက်)