ရန်ကုန်၊ ၂၆ ဇန်နဝါရီ

ကိုဗစ်-၁၉ ရောဂါ ရပ်တန့်ရေး အဝါရောင်လှုပ်ရှားမှုအတွင်း ရန်ကုန်မြို့ရှိ ဟိုတယ်များမှ ပူးပေါင်းပါဝင်လာပြီး တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်အားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ တည်းခိုနေထိုင်သူ မရှိသော်လည်း ဟိုတယ်လုပ်ငန်းများ လည်ပတ်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ထံမှ သိရသည်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) နှင့် ရန်ကုန်မြို့ရှိ ဟိုတယ်များမှ ကိုဗစ်-၁၉ ရပ်တန့်ရေး အဝါရောင်လှုပ်ရှားမှုအတွင်း ပူးပေါင်းပါဝင်သည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်ရှိ Wyndham Grand Yangon Hotel ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်၍ အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဟိုတယ်များ လိုက်နာကျင့်သုံးရမည့် အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ယင်းအချက်များ ပါဝင်သောစာအုပ်အား မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဝင်းထံ ပေးအပ်ခဲ့သည်။

ထို့နောက် Wyndham Grand Yangon Hotel ဘေး၌ တပ်ဆင်ထားသော ကိုဗစ်-၁၉ ရောဂါရပ်တန့်ရေးအတွက် “Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါ၊ တစ်ဦးကိုတစ်ဦး အသိပေးပါ၊ သတိပေးပါစာသားများ ပါဝင်သော အဝါရောင်အသိပညာပေးဆိုင်းဘုတ်ကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဟိုတယ်များလိုက်နာကျင့်သုံးရမည့် အချက်များ ရေးသားထားသည့်စာအုပ်တွင် ကွာရန်တင်း ဆောင်ရွက်သော ဟိုတယ်များအနေဖြင့် လိုက်နာဆောင်ရွက်ရန် အချက်များ၊ ကွာရန်တင်း မဆောင်ရွက်သော ဟိုတယ်များ၏ ပြင်ဆင်ထားရှိမှုနှင့် တည်းခိုနေထိုင်သော ဧည့်သည်များ အထွေထွေလိုက်နာရန်အချက်များ ပါဝင်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျန်းမာရေးအတွက် ကန့်သတ်ထားသော အချက်များ ဖြေလျော့မှုနှင့်ပတ်သက်၍ ဒေါက်တာထွန်းမြင့်ကပြည်သူလူထု ပူးပေါင်းပါဝင်လာမှု အားကောင်းလာတဲ့အခါကျတော့ ပိုးတွေ့ရှိမှုတွေ ကျလာတာပါပဲ။ ဒီလိုသာဆက်ပြီး ကျလာမယ်ဆိုရင် မကြာခင်မှာ ဒီထက်မက ဖြေလျော့မှုတွေက ဖြစ်လာမှာပါပဲ။ အချိန်အတိအကျ ပြောဖို့တော့ စောပါသေးတယ်ဟု ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဟိုတယ်အလုံးပေါင်း ၄၇၈ လုံးရှိပြီး မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) တွင် အသင်းဝင်ဟိုတယ်ပေါင်း ၃၇၆ လုံးရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရပ်တန့်ရေး အဝါရောင်လှုပ်ရှားမှုအတွင်း ဟိုတယ်ပေါင်း ၅၅ လုံး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဟိုတယ်ကွာရန်တင်း အသုံးပြုလျက်ရှိသော ဟိုတယ် ၃၂ လုံးရှိပြီး ထပ်မံလျှောက်ထားမှုများအရ ဟိုတယ်အလုံး ၅၀ ခန့်ရှိကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်) ဓာတ်ပုံ - လင်းညွန့်