ယခုအချိန်အခါသည် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးအနေဖြင့် အတိတ်သမိုင်းက အဖြစ်အပျက်အတွေ့အကြုံများကို သင်ခန်းစာယူ၍ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ အကြွင်းမဲ့ချုပ်ငြိမ်းကာ ရေရှည်တည်တံ့ခိုင်မြဲသည့် စစ်မှန်သောငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည့် အချိန်အခါဖြစ်သည်။ ညီရင်းအစ်ကိုမောင်နှမအရင်းစိတ်ဓာတ်ဖြင့် ညီညီညွတ်ညွတ် ဝိုင်းဝန်းအကောင်အထည်ဖော်ရမည့် အချိန်အခါကောင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် နှစ်ပေါင်း ၇၀ ကျော်ကြာအောင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံမှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း ရှိမည်ထင်သည်။ ကာလရှည်ကြာဖြစ်ပွားနေသည့် အဆိုးသံသရာကြောင့် မည်မျှထိခိုက်နစ်နာသည်ကို လူတိုင်းသိနိုင်သည်။ သာယာလှပပြီး သယံဇာတပေါကြွယ်ဝသည့် ပြည်နယ်အချို့တွင် လက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းသေးသောကြောင့် သဘာဝအလှအပများကို အပြည့်အဝမခံစားကြရ၊ ပြည်နယ်ဖွံ့ဖြိုးမှုကိုလည်း ထိထိရောက်ရောက် အသုံးမချရဖြစ်နေကြရသည်။

ပြည်နယ်များဖွံ့ဖြိုးမှသာ တိုင်းရင်းသားပြည်သူအားလုံး ဖွံ့ဖြိုးမှုကိုအပြည့်အဝရရှိနိုင်မည်။ ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်။ ယခုအချိန်အထိ နယ်မြေအချို့တွင် အေးချမ်း လုံခြုံစိတ်ချမှုကို အပြည့်အဝမရနိုင်သေးချေ။ ဒေသခံတိုင်းရင်းသားပြည်သူများမှာ စစ်ဘေးရှောင်ဘဝဖြင့် တိမ်းရှောင်နေရဆဲဖြစ်သောကြောင့် ပြည်သူများ၏ဆင်းရဲဒုက္ခများနှင့် နိုင်ငံတကာ၏ အထင်အမြင်သေးခံရနိုင်သည့် အဖြစ်များအတွက် အားလုံးတွင် တာဝန်ရှိပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားပြည်သူအားလုံး နှစ်ပေါင်းရှည်ကြာ မျှော်လင့်တောင့်တလျက်ရှိသည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းခံအကြောင်း တရားဖြစ်သည့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်ရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများလက်ခံနိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန်တို့ကို မျှော်မှန်း၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးများ ကျင်းပခဲ့ရာ စတုတ္ထအစည်းအဝေးအထိ အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။

ငြိမ်းချမ်းရေးအစည်းအဝေးများမှ ဘုံသဘောတူညီချက်များစွာ ရရှိပြီးဖြစ်သည့်အပြင် ၂၀၂၀ အလွန်ကာလများတွင် ဆက်လက်လျှောက်လှမ်းရမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အဆင့် လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရမည့် လုပ်ငန်းများကိုလည်း သဘောတူညီမှုများ ရရှိထားပြီးဖြစ်ပါသည်။ အဓိကမှာ တိုင်းရင်းသားအားလုံး အမြင်ရှင်းရှင်း စိတ်ကြည်ကြည်လင်လင်ဖြင့် ငါတို့၏ တိုင်းရင်းသားပြည်သူများအားလုံး၏အရေး၊ ငါတို့၏ မျိုးဆက်သစ်များ၏အရေး၊ ငါတို့၏ ပြည်ထောင်စုကြီးအရေးတို့အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ဒီမိုကရေစီနိုင်ငံတော်သစ်အဖြစ် တည်ဆောက်ရာတွင် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မည်ဟူသည့် ခံယူချက်ရှိဖို့လိုပါသည်။

ယနေ့အချိန်အခါတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်တွင် ရောက်ရှိနေပြီဖြစ်ပါသည်။ ထွန်းသစ်စဒီမိုကရေစီ ရင့်ကျက်ခိုင်မာလာရေးနှင့် ရေရှည်တည်တံ့ရေးအတွက် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပါသည်ဟု နိုင်ငံတော်သမ္မတက (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် အသိပေးထားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကဦးစားပေးလုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ပြီး အားစိုက်ဆောင်ရွက်နေပါသည်။

မငြိမ်းချမ်းခြင်း၏ဆိုးမွေများကို ခံစားနေကြရသော တိုင်းရင်းသား ပြည်သူများသည် ယခုအချိန်အခါတွင် ငြိမ်းချမ်းရေးကို အလွန်တောင့်တလျက်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိလာလိမ့်မည်ဟု ယုံကြည်ထားသည်။ အလွန်သာယာလှပသည့် သဘာဝပတ်ဝန်းကျင်တွင် အားလုံးငြိမ်းချမ်းစွာခံစားရရေးနှင့် ပေါများကြွယ်ဝသည့် သဘာဝသယံဇာတ များကို ဒေသခံတိုင်းရင်းသားများ အကျိုးခံစားခွင့် အပြည့်အဝရရှိရေးအတွက်ဆောင်ကြဉ်းပေးလိုပါလျှင် လက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံးထာဝရ ရပ်ဆိုင်းအောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ညီညွတ်ရေးဖြင့်သာ ဘုံရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင် မည်ဖြစ်သည်။ ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်သို့ လျှောက်လှမ်းရာတွင် ပြည်ထောင်စုကြီးအတွင်းရှိတိုင်းရင်း သားညီအစ်ကိုမောင်နှမအားလုံး ခိုင်မာသည့် ပြည်ထောင်စုစိတ်ဓာတ်၊ စစ်မှန်သည့် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်တို့ဖြင့် သွေးစည်းညီညွတ်စွာ လက်တွဲ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံ