ပုဂံ ၂၇ ဇန်နဝါရီ
ရှေးဟောင်းယဉ်ကျေးမှုဒေသ ပုဂံ-ညောင်ဦးမြို့မှ မြင်းလှည်းမောင်းသူများ ကိုဗစ်-၁၉ ကာလအတွင်း ခရီးသည် ဝင်ရောက်မှုမရှိ၍ မြင်းလှည်းငှားမလိုက်ရဘဲ ဝင်ငွေမရှိခြင်းကြောင့် ရှေ့ဆက်မြင်းစာကျွေးမွေးရန် မတတ်နိုင်ကြတော့သည့်အတွက် လုပ်ငန်းဆက်လက်ရပ်တည်ရန် အခက်ကြုံနေရကြောင်း ပုဂံ-ညောင်ဦး မြင်းလှည်းမောင်းသူများအသင်းမှ သိရသည်။
မြင်းတစ်ကောင်လျှင် တစ်နေ့အစာဖိုးငွေကျပ် ၃၀၀၀ ဖိုးခန့်အထိ ကျွေးမွေးနေရပြီး တစ်လလုံးအနေဖြင့် ငွေကျပ် ၉ သောင်းဖိုးခန့်အထိ ကုန်ကျစရိတ်ရှိနေခြင်း၊ မြင်းလှည်းအငှားမလိုက်ရသည့်အတွက် စားဝတ်နေ ရေး အသုံးစရိတ်မတတ်နိုင်ကြတော့သည့်အပြင် မြင်းစရိတ်ပါကုန်ကျနေခြင်းကြောင့် ရှေ့ဆက်မြင်းစာ ကျွေးမွေးနိုင်ရန် အခက်ကြုံနေရပြီဖြစ်ကြောင်း ပုဂံမြို့ဟောင်း၊ တောင်ဘီလယ်ယားကျေးရွာမှ မြင်းလှည်း မောင်းသူ ကိုသောင်းလွင်က ပြောကြားသည်။
“အရင်တုန်းကတော့ ကျွန်တော်တို့ ပြောင်းရိုး၊မြေစာပင်များကို ပဲပိစပ်၊ ကုလားပဲဖွဲမှုန့်များရောပြီး ကျွေးခဲ့ တာပေါ့၊ အခုလက်ရှိမှာတော့ သခင်ဖြစ်တဲ့လူပင်လျှင် စားဝတ်နေရေးရုန်းကန်နေရတဲ့အတွက်ကြောင့် အဲဒီလို မကျွေးနိုင်ကြတော့ဘူး၊ ပြောင်းရိုးနဲ့မြေစာခြောက်ကို ပဲရောပြီးကျွေးနေရပါတယ်၊ ကုလားပဲဖွဲမှုန့် မပါတဲ့အတွက်ကြောင့် မြင်းရဲ့ကျန်းမာရေးအတွက်တော့ အဟာရမပြည့်ဝတော့ဘူးပေါ့၊ ကိုဗစ်မဖြစ်ခင်က ပုဂံ-ညောင်ဦးမြို့မှာ မြင်းစီးရေ ၂၄၀ ရှိခဲ့တယ်၊ ကိုဗစ်ကာလမိသားစုစားဝတ်နေရေးနှင့် မြင်းစာအခက် အခဲတွေကြောင့် ရောင်းချမှုများရှိနေပြီး အခုအခါမြင်းအကောင်ရေ ၂၁၀ လောက်ပဲကျန်ပါတော့တယ်”ဟု ၎င်းက ဆက်လက်ပြောပြသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၏ ရိုးရာသက်မွေးလုပ်ငန်းတစ်ခုဖြစ်သည့် မြင်းလှည်းလုပ်ငန်းတိမ်ကော ပပျောက်မသွားစေရန် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီများအနေဖြင့် အရေးတကြီးလိုအပ်နေ သည့်မြင်းစရိတ်များကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးစေလိုကြောင်း ပုဂံ-ညောင်ဦးဒေသ မြင်းလှည်း မောင်းသူများအသင်းဥက္ကဋ္ဌ ဦးမြတ်သူထံမှ သိရသည်။
ဖေလိန်း(ပုဂံ)


