မောင်တော  ၂၇  ဇန်နဝါရီ

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၊ ဇင်ပိုင်ညာကျေးရွာအုပ်စု ၊ သာဇေကုန်းကျေးရွာ၊ ကျောက်လှေ ကားဈေးတွင် ဇန်နဝါရီ ၂၇ ရက်  နံနက် ၃ နာရီ မိနစ် ၂၀ ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးဆိုင်ခန်း(၂၁)ခန်း  မီးလောင်မှု ဆုံးရှုံး ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

 

မောင်တောမြို့၊ သာဇေကုန်းကျေးရွာ၊ ကျောက်လှေကားဈေး၌ မီးလောင်မှု ဖြစ်ပွားနေ ကြောင်း သတင်း အရ ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်စင် ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်တို့ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ လှဖိုးခေါင်ယာယီ လက်ခံရေးစခန်းမှ တပ်ဖွဲ့ဝင်များ က မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် တစ်စီးဖြင့် မီး လောင်ပြင်သို့ သွား ရောက် မီးငြှိမ်းသတ်ရာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် မီး ထိန်း နိုင် ခဲ့ပြီး နံနက် ၄ နာရီ မိနစ် ၄၀ တွင်  မီးငြိမ်းခဲ့သည်။

 

မီးလောင်မှုဖြစ်စဉ်မှာ ကျောက်လှေကားဈေး၌ ဆိုင်ပိုင်ရှင် ဦးရှောင်ရှုအာလောင် (၆၃)နှစ်၏  လက်ဖက် ရည် ဆိုင် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့်  အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုကြောင့် (၉x ၉x၉)ပေ (ဓနိမိုး ၊ဝါးထရံ ကာ၊ပျဉ်ခင်း)(၈)ခန်း ၊ (၉x ၉x၉)ပေ (သွပ်မိုး၊ အုတ်ကာ ၊အုတ်ခင်း) (၁၂)ခန်း ၊ (၄၅x ၁၅x၉)ပေ   (ဓနိမိုး ၊ထရံကာ၊ မြေ စိုက်)(၁)ခန်း စုစုပေါင်း ဈေးဆိုင်ခန်း(၂၁)ခန်း မီးလောင် ဆုံးရှုံးခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လူ/ တိရစ္ဆာန် သေဆုံးမှု မရှိကြောင်း သိရသည်။

 

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)