မိတ္ထီလာ ၊ ၂၇ ဇန်နဝါရီ 

မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာခရိုင်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ငွေလုံငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၁၈၆.၃၃ သန်းဖြင့် ကျေးလက်လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်း ၂၉ ခုနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်း ၂၆ ခုတို့အား ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင်တွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေ ကျပ် ၁၁၈၆.၃၃ သန်းဖြင့် ကျေးလက်ကုန်ထုတ်လမ်း ခင်းခြင်းလုပ်ငန်း ၊ တံတား၊ ရေကျော်များတည်ဆောက်ခြင်းလုပ်ငန်း ၊ ရေပြွန်နှင့်  Slab Culvert  တပ်ဆင်ခြင်းလုပ်ငန်း၊ စက်ရေတွင်း  ၊ လက်တူးတွင်း၊ အုတ်ရေကန်၊ ရေစင်၊ ရေစက်ရုံတို့ တူးဖော်တည်ဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်းနှင့် မီးလိုင်းသွယ်တန်းခြင်းလုပ်ငန်းတို့အား  တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက ဇန်နဝါရီလ ၁၅ ရက်နေ့မှ စတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှု အောက်ရှိ မိတ္ထီလာမြို့နယ်တွင် ကျေးလက်လမ်းအဆင့်မြှင့်တင်ခြင်းကို သီရိမြင့်မိုရ်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး Four G Co.,ltdမှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ် သည်။ ဝမ်းတွင်းမြို့နယ်တွင် Unique Design Co.,ltd နှင့် Shwe Gone Tun Co.,ltd တို့မှ ကျေးလက်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး Royal Steel Palace Co.,ltd မှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ 

၎င်းအပြင် သာစည်မြို့နယ်တွင် Modern Treasure Co.,ltd နှင့် ZARNI CHIT Co.,ltd တို့မှ ကျေးလက်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး Triple Thar Co.,ltd မှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို   ဆောင်ရွက်သွား မည်ဖြစ်သည်။ ယင်းအပြင် မလှိုင်မြို့နယ်တွင် Hi-Tech Land Co.,ltdမှ ကျေးလက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို တာဝန်ယူ ဆောင်ရွက်သွား မည်ဖြစ်ပြီး Well Done Engineering Co.,ltd မှ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေေးလက်လမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသန်းက ၎င်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး အတွက် မြို့နယ် ဦးစီးမှူးများ၊ ၎င်းလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ယမန့်က တွေ့ဆုံ၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)