ကျိုက်မရော ၊ ၂၇ ဇန်နဝါရီ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ကျိုက်မရောမြို့ ပြည်သူ့ဆေးရုံ၌ပြုလုပ်ခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆရာဝန်၊ ဆရာမများ၊ သူနာပြုများနှင့် ဝန်ထမ်းအားလုံးပါဝင်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းလူဦးရေပေါ် မူတည်၍ အချိန် အပိုင်းအခြားအလိုက် မနက်ပိုင်းနှင့် ညနေပိုင်းခွဲ၍ လူစုလူဝေးမဖြစ် ပေါ်စေရေး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၈၄ ဦးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ လူဦးရေစာရင်းကောက်ယူကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်ထံမှ သိရသည်။
ချိုချို(ပြန်/ ဆက်)


