ကျုံပျော် ၊ ၂၇ ဇန်နဝါရီ
ပြည်သူများလူကုန်ကူးခံရမှု မရှိစေရန်၊ လူကုန်ကူးမှု အကြောင်းအရာများကိုသိရှိပြီး ရှောင်ရှားနိုင်စေရန် အတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အင်းရဲလမ်းဆုံ၌ ဇန်နဝါရီ ၂၇ ရက် နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဟိန်းကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး သန့်ဇော်ဦး ၊ မြို့မစခန်းမှူး ဒုရဲမှူး ကျော်ခိုင်၊ ဒုတိယမြို့နယ် ဥပဒေအရာရှိ Lဇော်ဒိန် ၊အမှတ် (၇) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ပုသိမ်)မှ ရဲအုပ်ဇော်ဝင်းထွဋ် နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အင်းရဲလမ်းဆုံတွင် သွားလာနေသော ပြည်သူများထံသို့ လက်ကမ်းစာစောင် (၁၀ဝ) အား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် လူကုန်ကူးမှုအဓိပ္ပါယ် ဖွင့်ဆိုချက်၊ လူကုန်ကူးမှု ပြစ်ဒဏ်၊ မြန်မာနိုင်ငံ အတွင်း လူကုန်ကူးမှု တိုင်ကြားရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အရေးပေါ် ဖုန်းနံပါတ်များ၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန သတင်းအချက်အလက် မျှဝေရာစင်တာ ဖုန်းနံပါတ်၊ လူကုန်ကူးမှု မခံရစေရေးအတွက် ကြိုတင်သိထားသင့်သည့် အကြောင်းအရာများနှင့် သတိပြုရန် အချက်များ စသည်တို့ပါဝင်ကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင်လည်း ပြည်ပနိုင်ငံများနှင့် နိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားသို့ သွားရောက် အလုပ်လုပ်ကိုင်သူများ များစွာရှိသည့်အတွက် လူကုန်ကူးမှုခံရခြင်းမရှိစေရန် ယခုကဲ့သို့ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
နေဝင်းမြင့်(ကျုံပျော်)


