တပ်ကုန်း၊ ၂၇ ဇန်နဝါရီ
ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ အား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက တပ်ကုန်း ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းတွင် တပ်ကုန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်း ကြီးကြပ်၍ ဆေးထိုးအဖွဲ့များက ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် ကျန်းမာရေးဝန်ထမ်းအား ကာကွယ်ဆေးမထိုးမီအချိန်တွင် တစ်ဦးချင်းစီး သွေးပေါင်းချိန်ခြင်းနှင့် လိုအပ်သည့်အချက်များ စစ်ဆေးဆောင်ရွက်ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း(၁၀၁)ဦး၊ မြို့နယ်ကုသရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်း (၁၂၉)ဦး၊ စုစုပေါင်း ကျန်းမာရေးဝန်ထမ်း(၂၃၀)အား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခဲ့သည်။ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူများကို လေးပတ်အကြာတွင် ဒုတိယအကြိမ်အဖြစ် ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)