ထန်တလန် ၊ ၂၇ ဇန်နဝါရီ
ထန်တလန်မြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနလက်အောက်ရှိ ဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဆွေမြင့် လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထန်တလန်မြို့နယ်အတွင်းရှိ ခုတင်(၅၀) ဆံ့ ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ(၄) ခု၊ ကျေးလက်ကျန်းမာရေးဌာန (၁၁)ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (၄၄)ခု၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန (၁) ခုတို့တွင် တာဝန်ထမ်းဆောင်နေသော ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၀၈ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ့မည့် ကျန်းမာရေးဝန်ထမ်း ၁၈၄ ဦးတို့အား ခုတင်(၅၀) ဆံ့ ထန်တလန်မြို့နယ်ပြည်သူ့ဆေးရုံ တစ်နေရာတည်းတွင် ဇန်နဝါရီလ ၂၇ ရက်နေ့ (၁) ရက်တာအတွင်း အပြီးစီးထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် ထန်တလန်မြို့နယ်အတွက် ထုတ်ပေးသည့် ကိုဗစ်-၁၉ေရာဂါကာကွယ်ဆေးများ သိုလှောင်ထားရှိမှုအခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌဦးအောင်ဆွေမြင့်က လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


