ဘုတလင်၊ ၂၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်း ၁၇၈ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ပြည်သူ့ဆေးရုံကြီး၌ ပထမအကြိမ် စတင်ထိုးနှံကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင် ထံမှ သိရသည်။
ဘုတလင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်ရှိ ကုသရေးဦးစီးဌာနမှ ၇၂ ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၁၀၁ ဦး၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ နှစ်ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ သုံးဦးတို့ကို စတင်ထိုးနှံပေးသည်။
“ကိုဗစ်ကာကွယ်ဆေးက တစ်လုံးကို ၁၀ ဦးနှုန်း ထိုးပေးပါတယ်။ ဘုတလင်မြို့နယ် အနေနဲ့ ပထမအကြိမ် ထိုးနှံပေးရမယ့် ကျန်းမာရေးဝန်ထမ်း ၁၈၈ ဦးအတွက် ၂၁ လုံး ရရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေထဲက ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးမိခင်ဝန်ထမ်း ၁၀ ဦးကိုတော့ ကာကွယ်ဆေး မထိုးပေးရပါဘူး။ မထိုးရတဲ့ ဝန်ထမ်းတွေအတွက် ပိုတဲ့ကာကွယ်ဆေးကိုလည်း ပြန်အပ်ခဲ့ပါတယ်”ဟု မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးကျော်အောင်က ပြောပြသည်။
ဘုတလင်မြို့နယ်ရှိ ကျန်းမာရေး ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ထုတ်ယူခဲ့ပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအားလုံးကို အပြီးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


