ရေစကြို ၊ ၂၇  ဇန်နဝါရီ  

ရေစကြိုမြို့နယ်တွင် စပျစ်ပင်ကို ပထမဦးဆုံး စတင်စမ်းသပ်စိုက်ပျိုးရာ အောင်မြင်လျက်ရှိကြောင်း စပျစ်သီးစိုက်ပျိုးသူ ဦးတင်စိုး ထံမှ သိရသည်။ 

“မနှစ်က တန်ဆောင်မုန်းလထဲက စိုက်တာ ဒီနှစ် တန်ဆောင်မုန်းလမှာ ကျွန်တော် အသီးယူတယ်၊ ကိုင်းဖြတ်တယ်ပေါ့။ အခုလောလောဆယ်တော့ အသီးကင်းတွေနဲ့ပေါ့။ ဒီဘက်ကတော့ ရေရှိရင်၊ မြောင်းရေနီးရင် စိုက်သင့်ပါတယ်။ သူက အပင်ကလည်း မဖြစ်မရှိဘူး၊ အပင်ကလည်း ဖြစ်တယ်၊ အသီးကလည်းသီးပြီ”ဟု  စပျစ်သီးစိုက်ပျိုးသူ ဦးတင်စိုးက ပြောပြသည်။

မုံရွာမြို့နယ် ရတုံရွာမှ စပျစ်စိုက်ခြံကိုလေ့လာပြီး အဆိုပါ စပျစ်ခြံပိုင်ရှင်အား စိုက်ပျိုးနည်းပြ ဆရာအဖြစ် ခေါ်ယူကာ စတင်စမ်းသပ် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ဧက တစ်ဧကအတွင်း စပျစ်ပင် ၈၀၀ ကျော်ကို စိုက်ပျိုးထားရှိပြီး ကုန်ကျစရိတ်မှာ ငွေကျပ် သိန်း ၆၀ ဝန်းကျင် ရှိကြောင်း၊ စတင်သီးမည့်နှစ် ဖြစ်သောကြောင့် အသီးပိဿာချိန် တစ်ထောင်နှင့် နှစ်ထောင်ကြား ခန့်မှန်းထားပြီး ရေစကြိုမြို့ပေါ်ရှိ ဈေးဆိုင်များကို ရောင်းချသွားမည် ဖြစ်ကြောင်း ဦးတင်စိုး၏ ပြောပြချက်အရ သိရသည်။

“စပျစ်သီး ဈေးကွက်က အခုပေါက်ဈေးနဲ့ ရရင်တော့ မဆိုးဘူးပေါ့၊ ကျပ် နှစ်ထောင်၊ သုံးထောင်၊ လေးထောင်လောက် ပေါက်ပါတယ်။ ကိုယ့်ဆီမှာပဲ ထိုင်ရောင်းမယ်။ ရေစကြိုမြို့ပေါ် ဆိုင်လေးတွေ လည်းဖြန့်မယ်။ လောလောဆယ် အဲလောက်ပဲ စဉ်းစားထားပါသေးတယ်။ ပထမဆုံး စိုက်တဲ့နှစ် ဆိုတော့”ဟု  စပျစ်သီးစိုက်ပျိုးသူ ဦးတင်စိုးက ဆက်လက်ပြောပြသည်။

ရေစကြိုမြို့နယ် ဇီးတောကျေးရွာတွင် စပျစ်စိုက်ပျိုးမှု အောင်မြင်ကြောင်း သိရသဖြင့် အောင်နန်းကျေးရွာနှင့် လက်ပံပင်ကျေးရွာတို့တွင်လည်း စမ်းသပ်စိုက်ပျိုးလာကြရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အိမွန်ဆွေ(ရေစကြို)