၂၇  ဇန်နဝါရီ 

၂၀၂၀ ခုနှစ် ရန်ကုန်တိုင်းဒေကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများ မတော်တဆမှု ၁၂၇ မှု ဖြစ်ပွားပြီး ၃၇ ဦး သေဆုံးကာ ၁၅၁ ဦးဒဏ်ရာရရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၁၉ ခုနှစ်အတွင်းမှာမူ YBS ယာဉ်လိုင်းများ မတော်တဆမှု ၁၅၅ မှု ဖြစ်ပွားပြီး ၅၆ ဦး သေဆုံးကာ ၂၁၄ ဦးဒဏ်ရာရရှိခဲ့သည်။

ထို့ကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ထက် ၂၀၂၀ ခုနှစ်တွင် ယာဥ်မတော်တဆမှု လျော့ကျလာသကဲ့သို့ သေဆုံး ဒဏ်ရာ ရရှိမှုမှာလည်း လျော့ကျလာကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA)အနေဖြင့် ပြည်သူလူထုအတွက် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်ရန် ကြိုးစားသကဲ့သို့ ယာဥ်မတော်တဆမှုများကြောင့် ပြည်သူလူထု၏ အသက်အန္တရာယ် ဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

လက်ရှိ ကိုဗစ် 19 ကပ်ရောဂါ ကာလအတွင်း နေ့စဉ်ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းအရေအတွက်နှင့် မော်တော်ယာဉ်စီးရေမှာလည်း နေ့စဉ် ခရီးသွားလာမှုရှိသော ပြည်သူများ၏အခြေအနေအရလည်းကောင်း၊ ယာဉ်မောင်းများ၏ ပါဝင်ဆောင်ရွက်နိုင်မှု အခြေအနေအရလည်းကောင်း စီမံပြေးဆွဲရခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၆ ရက်စာရင်းများအရ YBS ယာဉ်လိုင်း (၁၀၆) လိုင်းမှ မော်တော်ယာဉ်စီးရေ ၃၅၀၀ ခန့်ဖြင့် ခရီးသည် (၆၅၀၀၀၀)ခန့်ကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။

ယခင် ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ခင်ကမူရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ကျော် ရှိပြီး YRTA တွင် မှတ်ပုံတင်ထားသည့်ယာဉ်အစီးရေ ၆၀၀၀ ကျော်ရှိကာ နေ့စဉ်ယာဉ်အစီးရေ ၄၅၀၀ ကျော်ဖြင့် ပြည်သူ ၁ ဒသမ ၈ သန်း ခန့်ကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

ငြိမ်းငြိမ်း