ကလေး ၊ ၂၇ ဇန်နဝါရီ    

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီမှစတင်၍ ကလေးမြို့ ခုတင်- ၃၀၀ ဆေးရုံကြီးနှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့တွင် စတင်ထိုးနှံပေးကြောင်း သိရသည်။ 

“ကလေးမြို့ ခုတင်- ၃၀၀ မှာ ဒီနေ့ မနက်ပိုင်းမှာတော့ ဖျားနာဆောင်၊ ခွဲစိတ်ဆောင်၊ သားဖွား မီးယပ်ဆောင်၊ အရိုးဆောင်ရှိ ကျန်းမာရေးဝန်ထမ်းတွေကို အဖွဲ့ ငါးဖွဲ့ခွဲပြီး စတင်ထိုးနှံပေးနေပါပြီ၊၊ ညနေပိုင်းမှာတော့ ရုံးဝန်ထမ်းတွေနဲ့ ဓာတ်မှန်ဆောင်၊ မျက်စိ၊ နား၊ နှာခေါင်း ဆောင်များရှိ ကျန်းမာရေးဝန်ထမ်းအားလုံးကို ထိုးနှံပေးသွားမှာပါ” ဟု အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာမျိုးသင်းက ပြောပြသည်။

ကလေးမြို့နယ်တွင် တိုက်နယ်ဆေးရုံ လေးရုံရှိပြီး တင်သားတိုက်နယ်ဆေးရုံ၊ နတ်ချောင်း တိုက်နယ်ဆေးရုံ၊ ရာဇဂြိုဟ်တိုက်နယ်ဆေးရုံ၊ လက်ပံချောင်းတိုက်နယ်ဆေးရုံများရှိပြီး ခုတင်- ၃၀၀ နှင့် တိုက်နယ်ဆေးရုံများရှိ ကျန်းမာရေး ဝန်ထမ်းပေါင်း ၅၀၈ ဦးရှိကြောင်း သိရသည်။ 

ကလေးမြို့ ခရိုင်နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတွင် မြို့ပေါ်နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ များရှိ ကျန်းမာရေး ဝန်ထမ်းများအပါအဝင် အား/ကာဦးစီးဌာနမှ ဝန်ထမ်းများ၊ အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်ရင်းဆေးရုံမှ ဝန်ထမ်းများကို နံနက်ပိုင်းတွင် ၆၀ နှင့် ညနေပိုင်းတွင် ၅၀ ဖြင့် နှစ်ရက်ခွဲကာ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးစားပေးလူအုပ်စုအလိုက် ထိုးနှံပေးသွားမည်ဖြစ်ကာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ဗဟို/တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်ကြီးများကို ပထမအသုတ်အဖြစ် စတင်ထိုးနှံပေးမည်ဖြစ်ပြီး ကျန်လူအုပ်စုများကို ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သျှင်နေမင်း(ဂန့်ဂေါ)