ကသာ၊ ၂၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းမှစတင်၍ ကသာခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကသာမြို့နယ်အတွင်းရှိ ကုသရေးဦးစီးဌာနမှ ဝန်ထမ်း ၁၅၆ ဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း ၉၄ ဦး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဝန်ထမ်း ခြောက်ဦး၊ အားကစားနှင့် ကာယာပညာဦးစီးဌာနမှ ဝန်ထမ်း ရှစ်ဦးနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဝန်ထမ်း ငါးဦး စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ၂၆၉ ဦးတို့အား ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီး၍ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာပါက အချိန်မီ ကုသစစ်ဆေးခြင်း ဆောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာ ပြင်ဆင်မှုများလည်း ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရဲအောင်(ကသာ)


