ပုလဲ၊ ၂၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် ပြည်သူ့ဆေးရုံ၌ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပုလဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာထွန်းမင်းခန့်က “နိုင်ငံတော်အစိုးရရဲ့ စီမံပေးမှုကြောင့် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၇၉ ဦးကို ပထမကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူတွေကို ရတ်သတ္တ လေးပတ်ခြား၍ ဒုတိယအကြိမ် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပြီးတဲ့ ဝန်ထမ်းတွေအနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို တိကျစွာလိုက်နာဖို့ မှာကြားထားပါတယ် ” ဟု ပြောသည်။
ပုလဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး နှံပေးခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာထွန်းမင်းခန့်နှင့် ဌာနတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အသက်(၁၈)နှစ်အထက် ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရန် လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
မြင့်သိန်းစိုး(ပြန်/ဆက်)


