ပွင့်ဖြူ  ၊   ၂၇  ဇန်နဝါရီ      

 

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာရှိ ဒေသခံ ကျေးလက်နေ ပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် လမ်းအရှည်ပေ ၂၀ဝ၀ ရှိ မြေနီကျောက်စရစ်လမ်းအား အဆင့်မြှင့်တင် ဖောက်လုပ်လျက်ရှိရာ ဇန်နဝါရီ ၂၇ ရက်  နံနက် ၁၀ နာရီက အငယ်တန်းအင်ဂျင်နီယာ - ၂ ဦးသူရိန်ထွန်းနှင့်အဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းစစ်ဆေးသည်။

 

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၁၂ ဒသမ ၅ သန်းဖြင့် ကျေးရွာတွင်းမှ လယ်ယာ စိုက်ခင်းသွားရာလမ်း အရှည်ပေ ၂၀ဝ၀ အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ် လမ်းခင်းခြင်းနှင့် (၁၅ ပေ × ၅ ပေ × ၅ ပေ )ရှိ Box Culvert တံတားတစ်စင်း တည်ဆောက်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သတ်မှတ်အတိုင်းအတာပြည့်မီမှု ရှိ/မရှိ စစ်ဆေးပြီး လုပ်ငန်းအရည်အသွေး ပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေး တာဝန်ရှိသူများအား မှာကြားသည်။

 

ကျောက်စရစ်မြေနီလမ်း ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် ကျောင်းစုကျေးရွာရှိ အိမ်ခြေ ၄၇ အိမ်၊ လူဦးရေ ၂၂၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် ဒေသခံတောင်သူများ စိုက်ပျိုးသည့် လယ်မြေဧက ၃၈၀ အား(နွေ ၊ မိုး ၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ စိုက်ပျိုး လုပ်ကိုင်နိုင်ပြီး လယ်ယာမြေများမှ ထွက်ရှိသော သီးနှံ ထွက်ကုန်များကိုလည်း ဈေးကွက်သို့ အချိန်မီ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေ ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။  

 

ရဲဝင်းနိုင်(ညောင်ဦး)