မြောင်းမြ၊ ၂၇ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့တွင် ဇန်နဝါရီ ၂၇ ရက် နံနက် ၁၀ နာရီက COVID-19 ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအတွက် ပထမအကြိမ် အလှူရှင် (၈၅)ဦးက ငွေကျပ်သိန်း ၆၅၃ သိန်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှူငွေပေးအပ်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင် မြို့နယ်အဆင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော်၏ Covid-19 ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအတွက် အလှူငွေများကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက အလှူငွေလက်ခံကြပြီး အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
"မြို့ပေါ်အလှူရှင် ပြည်သူများရဲ့ စုပေါင်းအလှူငွေပေးအပ်ပွဲက မြို့နယ်အနေနဲ့ ပထမအကြိမ် လှူဒါန်းတာဖြစ်ပြီး အလှူရှင်အချို့ကလည်း Covid-19 ဗဟိုကော်မတီနဲ့ ဆက်သွယ်ပြီးတော့ သီးသန့်လှူဒါန်းမှုတွေ ရှိပါတယ်၊ ယခုအလှူငွေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေတစ်ဆင့် COVID-19 ဗဟိုကော်မတီကို ပေးပို့လှူဒါန်းသွားမှာပါ" ဟု လာရောက်လှူဒါန်းမှုနှင့် ပတ်သက်ပြီး မြို့နယ် Covid ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောကြားသည်။
"ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံခြားက ဝယ်ယူရမှာဖြစ်တဲ့အတွက် နိုင်ငံရဲ့ ငွေကြေးပမာဏလိုအပ်ချက်အရ ကျွန်တော်တို့လုပ်ငန်းရှင်တွေအနေနဲ့ တစ်တပ်တစ်အား ပါဝင်ပြီး ပြည်သူတွေအားလုံး ကာကွယ်ဆေးထိုးနိုင်အောင် ဝိုင်းဝန်းပံ့ပိုး လှူဒါန်းခြင်းဖြစ်ပါတယ်" ဟု နိုင်ငံတော်ရဲ့ Covid-19 ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းတွင် အားတက်သရောဖြင့် အလှူငွေ ကျပ်သိန်း ၁၀၀ ကို ပါဝင်လှူဒါန်းသည့် အလှူရှင် ဦးသန့်ဇင်က လှူဒါန်းရခြင်းနှင့်ပတ်သက်ပြီး အခုလို ပြောပြခဲ့သည်။
အောင်မင်း (မြောင်းမြ)


