မန္တလေး ၊ ၂၇ ဇန်နဝါရီ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ယူဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရန်အတွက် (COVISHIELD) ကာကွယ်ဆေးများ ယနေ့နံနက် ၉ နာရီခွဲတွင် မန္တလေးမြို့သို့ ရောက်ရှိလာရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လက်ခံရယူကြသည်။
မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အဖွဲ့ဝင်များသည် မြို့တော်ခန်းမ(၁)၌ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့မှ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်း ၁၅၀ ကျော်တို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို လည်းကောင်း၊ ဆေးတက္ကသိုလ် (မန္တလေး)၌ သင်ကြားရေးဆိုင်ရာ ကျန်းမာရေးဝန်ထမ်း ၂၀၀ အား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုပြီး ကာကွယ်ဆေးထိုးနှံပေးနေကြသော ဆရာဝန်များနှင့် ကာကွယ်ဆေး ထိုးမှုခံယူနေကြသည့် ကျန်းမာရေး ဝန်ထမ်းများကို အားပေးစကားပြောကြားသည်။
“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမဆုံး ကျန်းမာရေးဝန်ထမ်းတွေစပြီး ထိုးခွင့်ရတဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က မုဒိတာပွားပါတယ်။ ကိုဗစ်-၁၉ ရောဂါက တစ်ကမ္ဘာလုံးအတွက် အသစ်အဆန်းပါ။ ပထမ ဦးစားပေးက ကျန်းမာရေးဝန်ထမ်းတွေပါ။ ကာကွယ်ဆေး ထိုးပြီးရင်လည်း သိပ်ပြီးတော့ အတင့်မရဲကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒုတိယအကြိမ် ကာကွယ်ဆေးမထိုးခင် အထိတော့ အနေအထိုင် ဆင်ခြင်ရမယ်လို့ သဘောပေါက်ပါတယ်။ စီးပွားရေး နာလန်ပြန်ထဖို့ဆိုရင် ကာကွယ်ဆေးက အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံ ကာကွယ်ဆေးရတာ စောပါတယ်။ ကာကွယ်ဆေး ထိုးပြီးပြီဆိုရင် တတ်နိုင်သမျှ ပြည်သူကို ပြန်စောင့်ရှောက်ပေးကြဖို့ မေတ္တာရပ်ခံ လိုပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
ယနေ့ရောက်ရှိလာသော ကာကွယ်ဆေးများကို မန္တလေးတိုင်းဒေသကြီးရှိ ကျန်းမာရေးဝန်ထမ်းပေါင်း ၁၅၆၈၉ ဦးကို ယနေ့မှစ၍ သတ်မှတ်ထားသော လူဦးရေအတိုင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ရောက်ရှိလာသည့် ကာကွယ်ဆေးများအနက် အလုံးရေ ၃၀၀ ကျော်ကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးနှံနိုင်ရန်အတွက် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
“ကာကွယ်ဆေးထိုးပြီးတော့ ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာကို ဂရုတစိုက်နဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အကယ်၍ ပြဿနာဖြစ်ပေါ်လာရင် အချိန်မီ ကုသမှုပေးနိုင်ဖို့ ဆေးရုံမှာ နေရာတွေပြင်ဆင်ထားပါတယ်။ ကုသမှုပေးမယ့် Team အဖွဲ့တွေ ဖွဲ့ထားပါတယ်။ ဆေးရုံကို အခြေပြုမှာပါ။ ဖြစ်လာရင်လည်း အချိန်မီ ကုသမှုပေးနိုင်မှာဖြစ်ပါတယ်။ ထိုးတဲ့နေရာလေးက နာမယ်၊ ရောင်မယ်၊ နည်းနည်း ကိုယ်လက်ကိုက်ခဲတာလောက်ပဲ ရှိပါတယ်။ ကြီးကျယ်တဲ့ ပြသာနာရှိတာတော့ မတွေ့ခဲ့ပါဘူး။ ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးပြီးတာနဲ့ ၂၈ ရက်အကြာမှာ ဒုတိယတစ်ကြိမ် ထပ်မံထိုးပေးမှာ ဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောသည်။
“အခု ကာကွယ်ဆေး ထိုးတဲ့အပေါ်မှာတော့ စိတ်လှုပ်ရှားမှု သိပ်မရှိပါဘူး။ ကာကွယ်ဆေးရဲ့ အကျိုးသက်ရောက်မှုကို အနည်းနဲ့အများ လေ့လာထားပါတယ်။ ဆေးထိုးပြီး နောက်ပိုင်း နာရီဝက်လောက် နားနေရတယ် ဆိုတာကလည်း ဆေးရဲ့သက်ရောက်မှု အခြေအနေအတွက်ပါ။ တုတ်ကွေးကာကွယ်ဆေးတွေ၊ ဘယ်ကာကွယ်ဆေးတွေထိုးထိုး တစ်ဦးနဲ့တစ်ဦး တုံ့ပြန်မှုခြင်း မတူပါဘူး။ ပြည်သူတွေအနေနဲ့လည်း ကာကွယ်ဆေးထိုးတာကို မကြောက်ကြဖို့လိုပါတယ်” ဟု ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့သူ ဒေါက်တာ နီလာကျော်ဝင်းက ပြောသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် ရှေ့တန်းမှ တာဝန်ဆောင်ရွက်နေသော ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်မှ စတင်၍ ထိုးနှံပေးပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ဇန်နဝါရီ ၂၉ ရက်တွင် လည်းကောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီ ၃ဝ ရက် တွင်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို လာမည့် ဖေဖော်ဝါရီ ၅ ရက်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များကိုလည်း ပြည်သူနှင့်အတူ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ထိုးနှံရာတွင် မိမိအိမ်တွင် နေထိုင်ရေးအစီအစဉ် (Stay at Home)တွင် အကျုံး ဝင်သော မြို့နယ်များ၌ နေထိုင်ပြီး အသက်ကြီးသူများ၊ အခြားရောဂါအခံရှိသူများနှင့် ရောဂါရရှိမှု လွယ်သောလူ အုပ်စုများကို ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး ရရှိမှုအရေအတွက်ပေါ်မူတည်ပြီး Stay at Home အစီအစဉ်တွင် အကျုံးဝင်သော မြို့နယ်များအနက် ကူးစက်ဖြစ်ပွားမှုများပြားသော မြို့နယ်များ နေရာဒေသများကို ဦးစားပေးရွေးချယ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ရရှိလာမည့် ကာကွယ်ဆေး အရေအတွက်ပေါ်မူတည်၍ ကျန်လူအုပ်စုများကိုလည်း ဦးစားပေးအစီအစဉ်အလိုက် ဆက်တိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင် (မန်းကိုယ်ပွား)


