ရန်ကုန်၊ ၂၇ ဇန်နဝါရီ

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်းရှိ သူနာပြု သင်တန်းကျောင်းခန်းမတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ကြည့်ရှု အားပေးသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုတွင် အများဆုံးဖြစ်ပွားသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်း၊ ရှေ့တန်းမှနေ၍ အသက်ကိုပဓာနမထားဘဲ ကိုယ်ကျိုးစွန့် ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကို ယနေ့ကာကွယ်ဆေးစတင်ထိုးနှံမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် တာဝန်ယူဆောင်ရွက်ပေးနေကြသည့် ကျန်းမာရေးဝန်ထမ်းများကို အကာကွယ်ပေးနိုင်မှု အတိုင်းအတာတစ်ခုထိ အထောက်အကူများစွာ ဖြစ်လိမ့်မည်ဟု ပြောကြားလိုပါကြောင်း။

 

ကျန်းမာရေး နယ်ပယ်မှနေ၍ ကြိုးပမ်းဆောင်ရွက်ပေးနေကြသည့် ဆရာဝန်၊ ဆရာမများ၊ စေတနာရှင် လုပ်အားပေးများ၊ ကုသရေးနယ်ပယ်၊ ကာကွယ်ရေးနယ်ပယ်တို့တွင် ကြိုးပမ်းဆောင်ရွက်နေကြသည့်သူများအားလုံး ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ စွန့်လွတ်စွန့်စား ဆောင်ရွက်ပေးနေသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘာ့ကပ်ဘေးကြီး မြန်မာနိုင်ငံအတွင်း အပြီးတိုင်ရပ်တန့်သွားစေရန် ဆက်လက်ကြိုးစား ရုန်းကန်ရအုံးမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးရပြီ ဖြစ်သော်လည်း ပေါ့ဆမနေသင့်ပါကြောင်း၊ Mask တပ်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းများ ဆက်လက်ဆောင်ရွက် နေရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံခြင်းကို လှည့်လည်ကြည့်ရှုပြီး ကာကွယ်ဆေးထိုးနှံကြသည့် ကျန်းမာရေးဝန်ထမ်း များကို ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။

 

ထို့အတူ ကိုဗစ်-၁၉ ကုသရေးစင်တာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ရှင် လုပ်အားပေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ) ဧရာဝတီ စင်တာတွင် ပြုလုပ်သည်။

 

အခမ်းအနားတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူနိုင်ရန်အတွက် အလှူရှင်များက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်ထံ အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဒေါက်တာထွန်းမြင့်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ထို့နောက် ဒေါက်တာထွန်းမြင့်က ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ကိုဗစ်-၁၉ ကုသရေးစင်တာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာရှင် လုပ်အားပေးများ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ကျန်းမာရေးဝန်ထမ်း ၂၅၀၀၀ ကျော်ရှိပြီး ယနေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး သူနာပြု သင်တန်းကျောင်းခန်းမတွင် ကျန်းမာရေးဝန်ထမ်း ၂၀၀ နှင့် ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ) ဧရာဝတီစင်တာတွင် ကျန်းမာရေးဝန်ထမ်းနှင့် စေတနာရှင် လုပ်အားပေး ၂၀၀ တို့ကို ကိုဗစ်ကာကွယ်ဆေး ကနဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

(သတင်း-မင်းသစ်(MNA)/ ဓာတ်ပုံ-ဇော်မင်းလတ်)