နေပြည်တော်၊ ၂၇ ဇန်နဝါရီ

 

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများကို ယနေ့နံနက် (၈) နာရီမှ စတင်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမဆောင်(၂)ရှိ ကာကွယ်ဆေးထိုးစုရပ်နှင့် သားဖွားသင်တန်းကျောင်း၊ ကာကွယ်ဆေးထိုးစုရပ်တို့သို့ သွားရောက်ခဲ့ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးထိုးနှံမှုအဖြစ် နေပြည်တော် ခုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်အေးမူမူအား ယနေ့ နံနက် (၈) နာရီတွင် ထိုးနှံပေးခဲ့သည်။

 

ယနေ့ညနေအထိ စာရင်းများအရ ကျန်းမာရေးဝန်ထမ်း (၃၀၅၅၁)ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကျန်ရှိနေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို လာမည့်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်