ရန်ကုန်၊ ၂၇ ဇန်နဝါရီ
ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူများအား ကုသပေးလျက်ရှိသည့် ဧရာဝတီစင်တာ(ရန်ကုန်)ရှိ ဆရာဝန်၊ သူနာပြုများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းနှင့် အလှူငွေများ လက်ခံခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများ၊ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်၊ အလှူရှင်များ တက်ရောက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးလျက်ရှိပြီး ဧရာဝတီဖောင်ဒေးရှင်းက တည်ဆောက်အကောင်အထည်ဖော်ထားသည့် ဧရာဝတီစင်တာတွင် တာဝန်ယူဆောင်ရွက်လျက်ရှိကြသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း စုစုပေါင်းဦးရေ (၂၀၀)ဦးကို ပထမအကြိမ် ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။ ဧရာဝတီစင်တာတွင် တာဝန်ထမ်းဆောင်နေသူများအနက် ကျန်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို ဇန်နဝါရီလ (၂၈၊ ၂၉) ရက်တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ဧရာဝတီဖောင်ဒေးရှင်း၏ ငွေကျပ် (၂)ဘီလီယံနှင့်အတူ တက်ရောက်လာသည့် အလှူရှင်များဖြစ်သော ဦးသတိုးဟိန်း + ဒေါ်စိုးမာလာမိသားစုက ကျပ်သိန်း (၂၀၀၀)၊ AYA SOMPO Insurance က ကျပ်သိန်း (၁၀၀၀)၊ Farmers Choice Tractor Co., Ltd. က အမေရိကန်ဒေါ်လာ တစ်သိန်း၊ ဦးအောင်ဇင် + ဒေါ်ဝင်းကြည်၊ သား ကိုမြတ်သူရအောင်ဇင်၊ သမီး ခင်မြင့်မြတ်မိသားစုက ကျပ်သိန်း (၂၀၀)၊ ဦးဝင်းဇော် မိသားစုက ကျပ်သိန်း (၂၀၀)၊ ဦးမြင့်ဇော် + ဒေါ်နှင်းမိုးလှိုင် မိသားစုက ကျပ်သိန်း (၅၀)နှင့် Ashro Group of Companies က ငွေကျပ်သိန်း (၂၂၀) တန်ဖိုးရှိ Godrej အမှတ်တံဆိပ် Vaccine Storage Fridge များအပါအဝင် စုစုပေါင်း ကျပ်သိန်းပေါင်း (၂၅၀၀၀)ကျော် လှူဒါန်းခဲ့သည်။
သတင်း- ဖိုးသော်ဇင်
ဓာတ်ပုံ- ကိုမိုး


