ယောင်ဒီ၊ ၂၇ ဇန်နဝါရီ
ကင်မရွန်းနိုင်ငံအနောက်ဘက် ဝက်စ်ပြည်နယ်တွင် ယနေ့အစောပိုင်းက ခရီးသည်တင်ဘတ်စကားတစ်စီးနှင့် ကုန်တင်ယာဉ်တစ်စီးတိုက်မိမှု ဖြစ်ပွားခဲ့ပြီးနောက် လူ ၅၃ ဦးထက်မနည်း သေဆုံးပြီး ကျန် ၂၉ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဝက်စ်ပြည်နယ်အုပ်ချုပ်ရေးမှူး အာဝါဖွန်ကာသြဂတ်စ်တင်းက ကင်မရွန်းအမျိုးသားရုပ်သံလွှင့် ဌာနတစ်ခုသို့ ပြောကြားသည်။
ခရီးသည် ၇၀ ဝင်ဆံ့သော အဆိုပါ ဘတ်စ်ကားတစ်စီးနှင့် ကုန်တင်ယာဉ်တစ်စီးတို့သည် ယနေ့ဒေသစံတော်ချိန် နံနက် ၃ နာရီခွဲခန့်က ဒီစချန်မြို့အနီးရှိ မတ်စောက်သောကားလမ်းပေါ်တွင် တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မော်တော်ယာဉ်နှစ်စီးစလုံးတွင် မီးလောင်မှုဖြစ်ပွားကာ လူ ၅၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက ဒေသဆိုင်ရာရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်အရ အဆိုပါ ယာဉ်တိုက်မှုတွင် လူ ၁၄ ဦးသေဆုံးပြီး ၃၈ ဦး ဒဏ်ရာရရှိကာ ဒဏ်ရာရှိသူအားလုံးကို ဆေးဝါးကုသမှုခံယူရန် နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ဒဏ်ရာရရှိသူများ၏ ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာခြင်းဖြစ်ဖွယ်ရှိသည်။
ယာဉ်တိုက်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို လက်ရှိအချိန်အထိ မသိရသေးပေ။ ကင်မရွန်းနိုင်ငံတွင် ဝန်ချိန်လွန်ကဲပြီး ကုန်ပစ္စည်းများတင်ဆောင်မှုများကြောင့် ယာဉ်မတော်တဆဖြစ်မှု မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ


