နေပြည်တော်၊ ၂၈ ဇန်နဝါရီ
ဝါးဖြင့်ဖန်တီးတည်ဆောက်ထားသည့် အဆောက်အဦများကို လူအများစိတ်ဝင်တစားဝယ်ယူနေပြီး ဈေးကွက်ကောင်းမွန်နေကြောင်း မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းမှ သိရသည်။
"ဝါးနဲ့ပြုလုပ်တဲ့အဆောက်အဦလေးတွေ အတော်လေးရောင်းကောင်းတယ်။ အော်ဒါမှာယူတဲ့လူ များနေတယ်။ အထူးသဖြင့် နားနေဆောင်လေးတွေ မှာယူတာများတယ်။ စားသောက်ဆိုင်တွေကလည်း ဝယ်တယ်။ တချို့ကျတော့လည်း အိမ်ခြံဝင်းထဲမှာ နားနေဖို့အတွက် မှာကြတယ်။ ဘုန်းကြီးကျောင်းတွေမှာ အေးအေးဆေးဆေး ထိုင်ဖို့ဆိုပြီး ဆရာတော်တွေလည်း လာမှာယူကြတယ်။ ဆရာတော်တွေ လာရောက်မှာယူတဲ့အခါဆိုရင် လက်ခနဲ့ဝါးဖိုး စတဲ့ ကုန်ကျစရိတ်တွေကို တစ်ဝက်လောက် လျော့ပေးပြီး လုပ်ပေးလိုက်ပါတယ်။"ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဉက္ကဌ ဦးကျော်ဝင်းက ပြောသည်။
လက်တလောအနေဖြင့် ဝါးအဆောက်အဦ တည်ဆောက်ရောင်းချသည့် ဈေးကွက်အတွင်း၌ (အော်ဒါမှာယူလာသည့် ဒီဇိုင်းနဲ့အကျယ်အဝန်းအပေါ် မူတည်ပြီး) ငွေကျပ် ၁၀၀,၀၀၀ မှ ငွေကျပ် ၁,၅၀၀,၀၀၀ ဝန်းကျင် တန်ဖိုးရှိ ဝါးအဆောက်အဦများကိုမှာယူမှု များပြားနေကြောင်း သိရသည်။
"ဝါးအဆောက်အဦတွေ တည်ဆောက်နေရာမှာ ကြသောင်းဝါးနဲ့လည်း ဆောက်လို့ရပါတယ်။ ဝါးပိုးဝါးနဲ့လည်း တည်ဆောက်လေ့ရှိပါတယ်။ မျှင်ဝါး ရတဲ့အခါ မျှင်ဝါးနဲ့ဆောက်ကြတယ်။ ထီးရိုးဝါးနဲ့လည်း ဆောက်တယ်။ ဈေးနှုန်းကတော့ တည်ဆောက်ပေးရတဲ့လက်ရာအနေအထား၊ လက်ဝင်တဲ့အပေါ်မှာ မူတည်ပြီး ကွာခြားသွားနိုင်ပါတယ်။"ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။
ဝါးဖြင့် ဖန်တီးတည်ဆောက်ထားသည့် ဝါးအဆောက်အဦ (ဝါးနားနေဆောင်)များကို နေပြည်တော်နှင့် အနီးတဝိုက်ဒေသများမှ အော်ဒါမှာယူမှု များပြားကြောင်း သိရသည်။
နန်းထက်ထက်ချစ်


