၂၈ ဇန်နဝါရီ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဒေသထွက်ငါးမုန့်လုပ်ငန်းအား ဒိန်းမတ်နိုင်ငံ အထောက်အပံ့ RBF Grand ဖြင့် ဝယ်ယူတပ်ဆင်ထားသည့် ဆိုလာအခြောက်ခံစက်ဖြင့် မိရိုးဖလာလုပ်ငန်းမှ ခေတ်မီတိုးတက်သော စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲထုတ်လုပ် လျက်ရှိရာ ပိုမိုကောင်းမွန်သည့် ထုတ်ကုန်တစ်ခု ရရှိပြီဖြစ်ကြောင်း ငါးမုန့်လုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။
“ကျွန်မတို့က ဒီငါးမုန့်လုပ်ငန်းကို လုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ၃၀ ကျော်လောက် ရှိပါပြီ၊ ကျွန်မတို့ရဲ့ အဓိကလုပ်ငန်းဖြစ်တဲ့ ဒီငါးမုန့်ကို ငါးကွမ်းရှပ်ငါး တစ်မျိုးတည်းနဲ့သာ ပြုလုပ်ပြီးတော့ ထုတ်လုပ်ရောင်းချပါတယ်၊ ဒီငါးမုန့်တွေကို အရင်မိရိုးဖလာအတိုင်း စတင် လုပ်ကိုင်ခဲ့တုန်းက အိမ်အပြင်ဘက်မှာ ထုတ်ပြီးတော့ နေရောင်ခြည်ကို အသုံးပြုပြီး နေလှန်း အခြောက်ခံရပါတယ်၊ အဲ့ဒီအခါမှာ ဖုန်မှုန့်၊ သဲမှုန့်ဝင်တာတွေ၊ ငှက်ချေးပါချတာတွေ ရှိတဲ့ အတွက် လေလွင့်ဆုံးရှုံးမှုတွေ အများကြီး ကြုံတွေ့ရတယ်၊ အခုအခါ ဒိန်းမတ်နိုင်ငံ အထောက်အပံ့နဲ့ ဝယ်ယူထားတဲ့ ဆိုလာအခြောက်ခံစက်ကြီးနဲ့ ထုတ်လုပ်တဲ့အခါမှာ ဖုန်မှုန့်၊ သဲမှုန့်ကင်းစင်ပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ ငါးမုန့်ကို ရရှိတဲ့အပြင် လုပ်သားတွေလည်း ဘေးအန္တရာယ် ကင်းရှင်းပါတယ်၊ ပြီးတော့ ကျွန်မတို့ရခိုင် ဒေသဟာ ပင်လယ်ကန်းရိုးတန်းဒေသဖြစ်တဲ့အတွက် ငါးကုန်ကြမ်းတွေ အလုံအလောက် ရရှိပါတယ်၊ ပြည်တွင်းဈေးကွက်အနေနဲ့ကတော့ စစ်တွေ၊ ရမ်းဗြဲ၊ ကျောက်တော်၊ ပဲခူး၊ ရန်ကုန်၊ ပြည်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ ဘားအံ စတဲ့မြို့တွေကို ဖြန့်ဖြူးရောင်းချ ပါတယ်” ဟု 7 Top ငါးမုန့်လုပ်ငန်း ပိုင်ရှင် ဒေါ်သက်နန္ဒာစိုးက ပြောပြသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း


