မုံရွာ၊ ၂၈ ဇန်နဝါရီ
ချင်းတွင်းမြစ်ကြောင်းတစ်လျောက် ပြီးခဲ့သည့်မိုးရာသီမှ တင်ကျန်ခဲ့သည့် တစုန်းများကိုလာမည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်၍ ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများလုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်း ထံမှ သိရသည်။
“ချင်းတွင်းမြစ်အတွင်းမှာ တစုန်းတွေ တင်ကျန်တဲ့နေရာတွေက တစ်နှစ်နဲ့တစ်နှစ် မတူကြဘူး၊ တစုန်းတွေက ချင်းတွင်းမြစ်အတွင်းကို စီးဝင်နေတဲ့ချောင်းတွေရှိတယ်၊ အဲဒီချောင်းတွေနဲ့ ချင်းတွင်းမြစ်ဆုံတဲ့ အောက်ဘက်တွေမှာ တံစုန်းတွေတင်ကျန်တာများတယ်၊ အဲဒိတစုန်းတွေကို ဖယ်ရှားရှင်းလင်းဖို့ အခု တစုန်းနှုတ်ယာဉ်၊ စက်တွေ၊ ကရိန်းတွေကို ပြင်ဆင်မွမ်းမံတာတွေ လုပ်နေတယ်၊ ပြီးတာနဲ့ ဖေဖော်ဝါရီလ ဒုတိယပတ်မှ မတ်လအကုန်အထိ ဖယ်ရှားရှင်းလင်းရေးကို လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်းသတ်မှတ်ရေး)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပြောသည်။
ချင်းတွင်းမြစ်ကြောင်းတလျှောက် တစုန်းနှုတ်များ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းကို လာမည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစတင်ပြီး မုံရွာမြို့နှင့် မော်လိုက်မြို့အကြား ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် တစုန်း(၂၅)တန်ကိုလည်းကောင်း၊ မတ်လအတွင်း မော်လိုက်မြို့နှင့် ဟုမ္မလင်းအကြားရှိ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် တစုန်းတန်(၃၀)အား တစုန်းနှုတ်ရေယာဉ်(တနယ-၂)ဖြင့် ဖယ်ရှားရှင်းလင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


