၂၈ ဇန်နဝါရီ
ဖိလစ်ပိုင် အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲရေး ဌာန(FDA)က AstraZeneca ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အရေးပေါ် အသုံးပြုရန် ခွင့်ပြုခဲ့ကြောင်း FDA အကြီးအကဲ ဒိုမင်ဂိုက ယနေ့တွင် ပြောကြားခဲ့သည်။
ယနေ့အထိ ရရှိသည့် အထောက်အထားများကို အခြေခံပြီး AstraZeneca ကိုဗစ် ကာကွယ်ဆေးသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ကာကွယ်နိုင်သည်ဟု ယုံကြည်ကြောင်း virtual ကွန်ဖရင့်တွင် ဒိုမင်ဂိုက ပြောကြားသည်။
AstraZeneca ကိုဗစ် ကာကွယ်ဆေးသည် အရေးပေါ် အသုံးပြုရန် ဖိလစ်ပိုင်က ခွင့်ပြုခဲ့သည့် ဒုတိယမြောက် ကာကွယ်ဆေး ဖြစ်သည်။
Pfizer Inc နှင့် BioNTech's ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုရန် ဇန်နဝါရီ ၁၄ ရက်က ခွင့်ပြုခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၁၄၈ သန်းကို ယခုနှစ်တွင် ဝယ်ယူရန်အတွက် ကာကွယ်ဆေး ထုတ်လုပ်သူ ခုနစ်ဦးနှင့် ဆွေးနွေးခဲ့သည်။
ယခုနှစ်တွင် လူဦးရေ သန်း ၅၀ မှ ၇၀ အထိ ကာကွယ်ဆေး ထိုးနှံရန် ရည်ရွယ်ထားသည်။
ဖိလစ်ပိုင် နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၁၈၄၀၇ ဦး ရှိပြီး ထိုရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၄၈၁ ဦး ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို