တဲလ်အဗစ် ၂၈ ဇန်နဝါရီ

 

 

အစ္စရေးနိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရန် ဂျော်ဒန်နဲ့ အီဂျစ်နိုင်ငံကို သွားရောက်နိုင်တဲ့ ကုန်းလမ်း အဆက်အသွယ်ပါ ပိတ်မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။

 

 

အင်္ဂါနေ့က စပြီး တနင်္ဂနွေ နေ့အထိ  နိုင်ငံတကာ လေဆိပ်တွေ ပိတ်ထားပြီး နောက် ကုန်းလမ်း အဆက်အသွယ်ပါ ပိတ်ထားမယ်လို့ ဆိုတာဖြစ်ပါတယ်။ ကုန်းလမ်း သွားလာမှုကို ကြာသပတေးနေ့ကနေ အနည်းဆုံး တနင်္ဂနွေနေ့အထိ ကြာမြင့်မယ်လို့ ဆိုပါတယ်။

 

 

ပြည်ထဲရေးဝန်ကြီးက ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရန်အတွက်၊ သွားလာမှုတွေ လျော့နိုင်ရန်အတွက်၊ လေကြောင်းလိုင်းတွေ ပိတ်ထားတဲ့အတွက်၊ ကုန်းလမ်းကို အသုံးပြုပြီး သွားလာခြင်းမလုပ်ရန် အခုလို ပိတ်လိုက်ရတာဖြစ်ကြောင်း၊ အစ္စရေးရဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှု ထိန်းချုပ်ရေး ပန်းတိုင်ကို ရောက်ရှိရန် ကုန်းလမ်းနဲ့ လေကြောင်း လိုင်းတွေပိတ်ပြီး ဆောင်ရွက်ရတာဖြစ်ကြောင်း ပြောပါတယ်။

 

 

နိုင်ငံမှာလည်း အသွားအလာ ကန့်သတ်မှု (lockdown)ကို ဒီဇင်ဘာလကုန်ပိုင်းကနေ ဇန်နဝါရီ ၃၁ ရက်နေ့ သတ်မှတ်ထားပါတယ်။ အဲဒီအမိန့်အရ အရေးမကြီးတဲ့ ပစ္စည်းအရောင်းဆိုင်တွေ ပိတ်ထားရန်၊ အရေးကြီး ကိစ္စဆောင်ရွက်ရန်မှအပ နေအိမ်ကနေ ၁ ကီလိုမီတာ (၀.၆ မိုင်) အတွင်းသာ သွားလာရန်၊ လူမြင်ကွင်းမှာ လူ ၅ ဦးအထိသာ စုဝေးရန်၊ ကျောင်းအားလုံးနဲ့ တက္ကသိုလ် အားလုံးအား ပိတ်ထားရန်၊ အများသုံး ယာဉ်တွေမှာ တင်ဆောင်နိုင်တဲ့ ဦးရေရဲ့ ၅၀ ရာခိုင်နှုန်းသာ တင်ဆောင်ရန်နဲ့ အများသုံး ယာဉ်တွေပေါ်မှာ မျက်နှာဖုံး ဝတ်ဆင်ရန် ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။

 

 

ဝန်ကြီးချုပ် နေတန်ရာဟု က အသွားအလာ ကန့်သတ်မှု သက်တမ်းတိုးနိုင်ကြောင်း သိရပါတယ်။

 

 

လူဦးရေ ၉ သန်း နေထိုင်တဲ့ အစ္စရေးနိုင်ငံမှာ ၂.၈ သန်းနီးပါးဟာ ကာကွယ်ဆေး ပထမအကြိမ်  ထိုးထားပြီး  ၂.၈ သန်းရဲ့ တစ်ဝက်ဟာ ဒုတိယအကြိမ် ကာကွယ်ဆေးပါ ထိုးထားကြောင်း ထုတ်ပြန်ထားပါတယ်။

 

 

အစ္စရေးနိုင်ငံမှာ ၂၄ နာရီအတွင်း ပိုးတွေ့သူ ၈,၀၁၂ ဦးရှိပြီး သေဆုံး ၉၃ ဦးရှိကြောင်း ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၆၂၁,၅၉၀ ဦးနဲ့ သေဆုံးသူ ၄,၆၀၅ ဦး ရှိကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP