ကလော၊  ၂၈  ဇန်နဝါရီ  

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင်၊ ကလောမြို့နယ် နန်းအွန်ကျေးရွာအနီး ကလော-ပင်လောင်း သွားလမ်းမပေါ်တွင် ဇန်နဝါရီ ၂၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ဆိုင်ကယ်နှစ်စီးမျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ  အောင်ပန်းဘက်မှပင်လောင်းဘက်သို့ မောင်းနှင်လာသော ဇော်ဝမ်း၏ ဆိုင်ကယ်သည်  နန်းအွန်တံတားအနီး မိုင်တိုင်အမှတ်-(၁/၇)နှင့် (၂/၀)ကြား အရောက်တွင် ပင်လောင်းဘက်မှ အောင်ပန်းဘက်သို့ ခန့်စည်သူ မောင်းနှင်ပြီး နောက်တွင် အောင်ပိုင်  လိုက်ပါလာသည့် ဆိုင်ကယ်နှင့်လမ်းလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိသဖြင့် ဇော်ဝမ်းတွင်နှင့်  ခန့်စည်သူ တို့တွင် ဒဏ်ရာများရရှိပြီး အောင်ပိုင်တွင်လည်း ဒဏ်ရာများ(စိုးရိမ်ရ)ရရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိသဖြင့် မိမိနှင့်အခြားသူများအား ဒဏ်ရာများရရှိစေသူ ဆိုင်ကယ်မောင်း ဇော်ဝမ်းနှင့် ခန့်စည်သူ တို့အား ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှကြောင်း ကလောမြို့မရဲစန်းမှ သိရသည်။

ကျော်ဝင်း(ကလော)