သုံးခွ၊ ၂၈ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ပထမအကြိမ် ထိုးနှံပေးခြင်းကို သုံးခွမြို့နယ် ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့မွန်းလွဲပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ သုံးခွမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်၀င်းသန်း က "ကိုဗစ်-၁၉ ကာကွယ်ဆေး ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီစနစ်တကျနေထိုင်သွားကြရန် လိုအပ်ကြောင်း၊ကာကွယ်ဆေးထိုးပြီးလျှင် မိနစ် ၃၀ ကြာ နားနေဆောင်တွင်နေထိုင်ပြီးမှ နေအိမ်သို့ပြန်ကြရန်" ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း စုစုပေါင်း(၁၉၁) ဦးအား နှစ်ရက်ကြာ အဖွဲ့(၂)ဖွဲ့ခွဲ၍ ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တ(၄)ပတ်ခြား၍ နှစ်ကြိမ်ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ၏ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် လိုက်နာ နေထိုင်သွားကြရန် လိုအပ်ကြောင်း မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁)ဦးအောင်ဇော်ထက်က ပြောကြားသည်။
စည်သူလင်း ပြန်/ဆက်


