ဘားအံ၊ ၂၈ ဇန်နဝါရီ
ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင် နေကြသည့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ် ၁၉ ကာကွယ်ဆေးကို စတင်ထိုးနှံ ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံးကြီးတွင် ဇန်နဝါရီ ၂၇ ရက်နေ့နံနက် ၈ နာရီခန့်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများအား ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကိုဗစ် ၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဘားအံပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီး ရုံးနှင့် သုံးထပ်တိုးချဲ့လူနာဆောင်တို့၌ နှစ်ဆိုင်းခွဲ၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ပြည်နယ်ပြည်သူ့ဆေးရုံကြီးနှင့် ဘားအံမြို့နယ်စင်တာဟူ၍ နှစ်ခုခွဲထားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများအားလုံးကို ဇန်နဝါရီ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ကာကွယ်ဆေးထိုးနှံပေးသွားမည်ကြောင်း၊ ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း သက်ဆိုင်ရာ ဆေးရုံများတွင် ထိုနည်းလည်ကောင်း ကာကွယ်ဆေးထိုးနှံသွား မည်ဖြစ်ကြောင်း၊ ယခုပထမအကြိမ်တွင် လူဦးရေအားဖြင့် ၂၅၀၀ ခန့်ကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ပြီး ဦးစားပေး လူဦးရေ၊ အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


