ဆိပ်ဖြူ၊ ၂၈ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ ဆိပ်ဖြူမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုထိုးနှံရေးအတွက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်အောင်ကကြီးကြပ်၍ ကာကွယ်ဆေးထိုးနှံပေးမည့် ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ကာကွယ်ဆေးထိုးရမည့်လမ်းညွှန်ချက်များကို သင်ကြားပို့ချပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဇန်နဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးကျန်းမာရေး ဦးစီးဌာန သွားရောက်ထုတ်ယူ၍ မွန်းလွဲပိုင်းတွင် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနလက်အောက်ရှိ ဆိပ်ဖြူကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန တို့မှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်း (၁၅၉) ဦးအား အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်း ကာကွယ်ဆေး ထိုးနှံခြင်းမပြုလုပ်မီ ကာကွယ်ဆေးထိုးသူများအား သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကောက်ယူခြင်း ဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးပြီး နာရီဝက်အကြာ သတ်မှတ်နေရာများ၌ ခေတ္တစောင့်ကြည့်နေထိုင်စေခြင်း ကျန်းမာရေးအချက်လက်များရယူခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)


