ဖာပွန်၊ ၂၈ ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက် ၈နာရီခွဲက ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ကာကွယ်ဆေးထိုးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းက ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက တစ်ကြိမ်လျှင် ၁၀ ဦးနှုန်းဖြင့် အလှည့်ကျ ထိုးနှံပေးလျက်ရှိရာ ဖာပွန်မြို့နယ်အတွင်းရှိ ကျန်းမာရေးဦးစီးဌာန၊ တိုင်းရင်းဆေး ပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန များရှိ ဝန်ထမ်း ၁၀၆ ဦးနှင့် ကမမောင်းမြို့ရှိ ကျန်းမာရေးဝန်ထမ်း ၄၇ ဦးတို့ကိုလည်း စုရပ်များ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးတို့က လာရောက်အားပေး ကြည့်ရှုကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အနည်းငယ် နာကျဉ်ခြင်း၊ ယောင်ယမ်းခြင်း၊ သာမန်ဖျားခြင်းများသာရှိပြီး ကြီးကြီးမားမား မရှိသောကြောင့် ပြည်သူများအနေဖြင့် ယုံယုံကြည်ကြည် ထိုးနှံပေးစေလိုကြာင်း ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူးက ပြောကြားသည်။

 

ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများ အနေဖြင့် လေးပတ်အကြာတွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

 

မျိုးဆက်သစ်(ဘားအံ)

 

mdn