၂၈ ဇန်နဝါရီ
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က စာသင်ကျောင်းများကို မူလအစီအစဉ်ဖြစ်သည့် ဖေဖော်ဝါရီ လလယ်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်မည့်အစား မတ်လအစောပိုင်းအထိ ဆက်လက် ပိတ်ထားမည်ဟု ဆိုသည်။
ဂျွန်ဆင်က အသွားအလာ ကန့်သတ်ပိတ်ဆို့မှု အဆုံးသတ်ရမည့် အချိန်ကို ဆုံးဖြတ်ရန် လုံလောက်သော အချက်အလက် မရှိကြောင်း ပါလီတွင် ယမန်နေ့က ပြောကြားခဲ့သည်။
စာသင်ကျောင်းများကို မတ်လ ၈ ရက်တွင် အစောဆုံး ပြန်ဖွင့်မည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ၎င်းကပြောကြားသည်။
နေ့စဉ် ကူးစက်မှုများ လျော့ကျနေသော်လည်း ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၇၀၀ ကျော် ရှိသည်။
ဗြိတိန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၁၀၀၀၀၀ ကျော် ရှိလာသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ရေးအတွက် အစိုးရက လူအများအပြားကို ကာကွယ်ဆေး ထိုးနှံပေးရန် ကြိုးပမ်း လုပ်ဆောင်နေသည်။
ဖေဖော်ဝါရီ လလယ်ပိုင်းတွင် အသက် ၇၀ ကျော်အရွယ်များ အပါအဝင် လူဦးရေ ၁၅ သန်းကို ကာကွယ်ဆေး ထိုးနှံပေးရန် စီစဉ်ထားသည်။
ဗြိတိန် ဝန်ကြီးချုပ်က ကိုဗစ်ကာကွယ်ဆေးများ၏ အကျိုးသက်ရောက်မှုကို စောင့်ကြည့်မည် ဖြစ်ကြောင်းနှင့် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုကို ဖေဖော်ဝါရီ လနှောင်းပိုင်းတွင် ဖြည်းဖြည်းချင်း ဖြေလျှော့သွားရန် စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို