တောင်ကြီး၊ ၂၈ ဇန်နဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံရှိ ကုသရေး၊ ကျန်းမာရေးဝန်ထမ်းနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက စဝ်စံထွန်းဆေးရုံ (၅)ထပ်ဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်း ၅၀၈၀ ကို ထိ ထိုးနှံပေးမည်ဖြစ်ပြီး ယနေ့ တောင်ကြီးမြို့တွင် ကာကွယ်ဆေးထိုးသလို အခြား မြို့နယ်များတွင်လည်း ထိုးပေးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသူဇာချစ်တင်က ပြောပြသည်။
တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံကြီးတွင် ကျန်းမာရေး ဝန်ထမ်း ၆၀၀ ကျော်နှင့် အမျိုးသမီးနှင့် ကလေးဆေးရုံဝန်ထမ်း ၃၀၀ ကျော်ကို ယနေ့အပြီး ထိုးပေးသွားမည်ဖြစ်ပြီး၊ နောက်ရက်များတွင် ဆေးတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးနှင့် တောင်ကြီးမြို့နယ် ကျန်းမာရေးဝန်ထမ်းများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)


