၂၈ ဇန်နဝါရီ
ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး Covid-19 နဲ့ တိုက်နေတဲ့ တိုက်ပွဲမှာ လူသားတွေ ရှုံးမှာ မဟုတ်ဘူး၊ ဗိုင်းရပ်စ်ပိုးကို အနိုင်တိုက်ပြီး အောင်မြင်မှု သရဖူကို ရယူမယ်လို့ WHO က ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်ပါတယ်။
ဗိုင်းရပ်စ် ရောဂါပိုးကြောင့် နေ့စဉ် သေဆုံးသူ စာရင်းမှာ ပထမဆုံးအကြိမ်အဖြစ် သေဆုံးသူ ၁၈,၀၀၀ ရှိချိန် ဗီဇပြောင်း ဗိုင်းရပ်စ်ပိုး အသစ်ကလည်း လျင်မြန်စွာ ကူးစက်နေချိန်မှာ ဗိုင်းရပ်စ်ပိုးက အနိုင်ရမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ Covid-19 တိုက်ဖျက်ရေး အကြီးအကဲ ဒေါက်တာ မာရီယာ ဗန် ကူးကပ်ဖ်က ပြောကြားတာ ဖြစ်ပါတယ်။
ဒေါက်တာ မာရီယာက လူသားတွေက အသက်ရှင်ရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ တစ်ဦးနဲ့ တစ်ဦး တိုက်ဖို့ လုပ်နေတာမဟုတ်ဘူး ဆိုတာကို ရှင်းရှင်းလင်း သိစေချင်တယ်။ ဗီဇပြောင်း ပိုးအသစ် အပါအဝင် ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို တိုက်နေတာ ဖြစ်ကြောင်းနဲ့ ဒီဗိုင်းရပ်စ်ပိုးကို အနိုင်တိုက်ပြီး အောင်မြင်မှု ရယူမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။
ချမ်းသာတဲ့ နိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေး လုပ်သားတွေနဲ့ အသက်အရွယ်ကြီးသူတွေအား ခြေတစ်လှမ်း အသာနဲ့ ထိုးပေးနေချိန်မှာ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး ပထမဆုံးအကြိမ် နိုင်ငံကို ရောက်လာဖို့ စောင့်နေရဆဲဖြစ်ကြောင်း၊ ချမ်းသာတဲ့ နိုင်ငံတွေမှာ ကျန်းမာနေတဲ့ သာမန်လူတွေ ကာကွယ်ဆေးထိုးပြီးချိန် ကျန်းမာရေး လုပ်သားနဲ့ စိုးရိမ်ရတဲ့ လူတွေမှာ ကာကွယ်ဆေး မရသေးဘူးဆိုရင် မမျှတကြောင်း WHO ရဲ့ အရေးပေါ်ဌာနရဲ့ ဒါရိုက်တာ မိုက်ကယ်ရိန်းက ပြောပါတယ်။
ဒါရိုက်တာ ရိန်းက အန္တရာယ်ကြားမှာ အလုပ်လုပ်နေတဲ့ သူတွေနဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးသာ ကူးစက်ခံရရင် သေဆုံးနိုင်သူတွေအား အကာကွယ်ပေးရေးနဲ့ ကာကွယ်နိုင်တဲ့ ပစ္စည်းရရှိရန် မျှဝေပေးကြပါလို့ တိုက်တွန်းပြောဆိုပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၀၁,၄၄၂,၂၀၃ ဦးနဲ့ သေဆုံးသူ ၂,၁၈၄,၂၈၇ ဦးရှိကြောင်း နောက်ဆုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP
