ရန်ကုန်၊ ၂၈ ဇန်နဝါရီ
ရန်ကုန်ငွေပေးချေခြင်းဝန်ဆောင်မှု ကတ်စနစ်ကို နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုများနှင့် ပြည်သူ လူထုသွားလာမှု ပိုမိုအဆင်ပြေစေရေးအတွက် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၏ မီဒီယာတွေ့ဆုံပွဲ(၁/၂၀၂၁) မှ သိရသည်။
“ဒီလိုကတ်နဲ့ ပေးချေမှုကြောင့် ပြည်သူလူထုမှာလည်း အကျိုးရှိသလို သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ လည်း အကျိုးရှိတာတွေ အများကြီးရှိတယ်။ အရင်က စာရင်းတွေကို ခန့်မှန်းပေးရတာရှိတယ်။ အခု ဒီစနစ်တပ်ဆင်ပြီးတဲ့အခါမှာ နည်းပညာချိတ်ဆက်မှုတွေအရ ခရီးသည်သွားလာမှု အနည်းအများနဲ့ အချိန် အချက်အလက်တွေကို ဒီကနေ ကျွန်တော်တို့ရနိုင်တယ်။ ဒါကြောင့် နည်းပညာပိုင်း တိုးတက် ရေးအတွက်ရော၊ ပြည်သူလူထုသွားမှာမှု ပိုမိုအဆင်ပြေရေးအတွက်ရော YPS စနစ်ကို ထူထောင် ခဲ့တာဖြစ်ပါတယ်”။
ရန်ကုန်ငွေပေးချေခြင်း ဝန်ဆောင်မှုကတ်များကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက် နေ့မှစ၍ ပုံသေ သတ်မှတ်ထားသော ယာဉ်လိုင်းများတွင် စတင်သုံးစွဲခဲ့ရာ ယခုအခါ မော်တော်ယာဉ် ကုမ္ပဏီ ၇ ခုမှ ယာဉ်လိုင်းပေါင်း ၄၃ လိုင်း၊ ယာဉ်အစီးရေပေါင်း ၂၀၀၃ စီးတွင် တပ်ဆင်ထားပြီးဖြစ်ကာ လက်ရှိတွင် ခရီးသည်တင် ယာဉ်အစီးရေ ၁၆၀၀ နီးပါးတွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။
ခရီးသွားပြည်သူများအနေဖြင့် ရန်ကုန်ငွေပေးချေခြင်းဝန်ဆောင်မှုကတ် (YPS) ကိုင်ဆောင် အသုံးပြု သူ ၆၆၇၀၀ ကျော်ရှိကြောင်း သိရသည်။ ယင်းကတ်များအနက် နေ့စဉ် ကိုင်ဆောင်အသုံးပြုနေသော ကတ်ပေါင်း ၆ သောင်းကျော်ရှိကြောင်း သိရသည်။
ကတ်စနစ်စတင်သုံးစွဲစဉ်က အတက် တစ်ကြိမ်၊ အဆင်းတစ်ကြိမ် စက်တွင် ကတ်ပြားဖြတ် အသုံးပြု ခဲ့ရသော်လည်း ယခုအခါ ခရီးသွားပြည်သူများ၏ တောင်းဆိုမှုအရ အတက်တစ်ကြိမ်သာ ကတ်ဖြတ် စနစ်ကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။ YPS ကတ်အရောင်းဆိုင်များကို ပြည်သူလူထု အများဆုံးအသုံးပြုသော ဘတ်စ်ကားမှတ်တိုင်နေရာများနှင့် g&g စတိုးဆိုင်များတွင် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - YPS


