နေပြည်တော် ၂၈ ဇန်နဝါရီ

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (/၂၀၂၁)ကို ယနေ့မွန်းလွဲ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဦးအုန်းဝင်းနှင့် ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်မြင့်၊ ဒေါက်တာမင်းရဲပိုင်ဟိန်း၊ ဦးကျော်မျိုးနှင့် ဦးစိုးအောင်၊ နေပြည်တော် ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီကို ၂၀၁၆ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းပြီး ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးများ ကျင်းပလျက်ရှိပါကြောင်း၊ ယခုအစည်းအဝေးသည် (၁၃)ကြိမ်မြောက် ကျင်းပသည့် အစည်းအဝေးလည်း ဖြစ်ပါကြောင်း။

ယခင်ကျင်းပခဲ့သည့် ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးများမှ တစ်ဆင့်ရေနှင့် ဆက်နွယ်သည့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကော်မတီ၏လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့် ရေဆိုင်ရာပြဿနာများ ဖြေရှင်းမှုတို့အတွက် ထိရောက်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း၊ နှစ်စဉ်မိုးတွင်းကာလ၌ တွေ့ကြုံရလေ့ရှိသည့် ရေကြီးရေလျှံမှုအန္တရာယ် လျော့ပါးသက်သာရေးနှင့် နွေရာသီ၌ ကြုံတွေ့ရလေ့ရှိသည့် ရေရှားပါးမှုအခက်အခဲများ ဖြေရှင်းရေးတို့အတွက်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း။

ယခုနှစ် နွေရာသီကာလတွင်လည်း ယခင်နှစ်များကဲ့သို့ သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှုပြဿနာများ လျော့ပါးသက်သာစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပူးပေါင်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအနက် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများ၊ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အလေးထား ဆောင်ရွက်ပေးကြစေလိုပါကြောင်း။

ကော်မတီက ဆောင်ရွက်ရမည့် ရေအရင်းအမြစ်ဘက်စုံစီမံခန့်ခွဲမှု လုပ်ငန်းများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ မြစ်ဝှမ်းဒေသများ၌ တရားမဝင်ရွှေနှင့် အခြား ဓာတ်သတ္တုများ၊ အဖိုးတန်ကျောက်မျက်ထုတ်လုပ်မှုများ၊ တရားမဝင် ကျောက်စရစ်နှင့် သဲထုတ်လုပ်မှုများ တားဆီးထိန်းချုပ်ရေး၊ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးရေး၊ ရေထုညစ်ညမ်းမှုတားဆီးကာကွယ်ရေး၊ မြစ်ချောင်းများ၊ ကန်များ စသည့် ရေအရင်းအမြစ်များနှင့် ရေနုတ်မြောင်းများအတွင်းသို့ အမှိုက်သရိုက်များ၊ ရေဆိုးများစွန့်ပစ်မှုအပေါ် စောင့်ကြည့်ထိန်းချုပ်ရေးနှင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ ထိန်းချုပ်ရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များက ဆက်လက် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါကြောင်း။

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအနေဖြင့် ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီဖွဲ့စည်းပြီးနောက် တတိယအကြိမ် အာရှ-ပစိဖိတ်ရေညီလာခံကို ၂၀၁၇ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယင်းညီလာခံက ထုတ်ပြန်ခဲ့သည့်ရန်ကုန်ကြေညာစာတမ်းကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန် ၂၀၁၈ ခုနှစ် မတ်လအတွင်း ဘရာဇီးနိုင်ငံ၌ ကျင်းပသည့် () ကြိမ်မြောက် ကမ္ဘာ့ရေဖိုရမ်တွင် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် World Water Day Logo တွင် မြန်မာနိုင်ငံရှိ အင်းလေးကန်တွင် လှေလှော်နေသည့်ပုံကို ဂုဏ်ပြုသတ်မှတ်ဖော်ပြခံခဲ့ရပါကြောင်း

ကမ္ဘာ့ရေနေ့အထိမ်းအမှတ် အခမ်းအနားများကိုလည်း နှစ်စဉ်ကြီးမှူးကျင်းပခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာအနှံ့ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ အခြေအနေအရ အခမ်းအနားကျင်းပမည့်အစီအစဉ်ကို ရုပ်သိမ်းခဲ့ရပါကြောင်း၊ ယခုနှစ် ကမ္ဘာ့ရေနေ့ ၂၀၂၁ အထိမ်းအမှတ်အခမ်းအနားကို ကိုဗစ်-၁၉ အခြေအနေအပေါ် မူတည်စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကော်မတီအနေဖြင့်အမျိုးသားရေဥပဒေနှင့် အမျိုးသား ရေအရင်းအမြစ် ကော်မတီဥပဒေများကို ပြုစုရေးဆွဲလျက်ရှိပါကြောင်း၊ အကြံပေးအဖွဲ့က ပြုစုပြီးဖြစ်သည့် အမျိုးသားရေဥပဒေ(မူကြမ်း)ကို  Water Law Task Force အဖွဲ့မှ အဖွဲ့ဝင်များ၊ အမျိုးသားရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ဝင်များ၊ ရေနှင့် သက်ဆိုင်သူများပါဝင် သည့် အမျိုးသားရေဥပဒေ(မူကြမ်း) ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ နှစ်ကြိမ် ကျင်းပခဲ့ပြီး မူကြမ်းတည်းဖြတ်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ အမျိုးသားရေအရင်းအမြစ် ကော်မတီဥပဒေ (မူကြမ်း)ကိုလည်း ရေနှင့်ဆက်နွယ်သည့်ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများ၏ အကြံပြုချက်များ၊ သဘောထားမှတ်ချက်များနှင့်အညီ ပြုစုပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အပြန်အလှန်ညှိနှိုင်းကာ တည်းဖြတ်ပြင်ဆင်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ ဥပဒေများကို အတည်ပြုပြဌာန်းနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

တစ်နိုင်ငံလုံး ရေရရှိမှုအခြေအနေနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၈၁ ဒသမ ရာခိုင်နှုန်းသည် အခြေခံ (အနိမ့်ဆုံး) သောက်သုံးရေဝန်ဆောင်မှုမှ ရရှိသောရေကို သောက်သုံးရေအဖြစ် အသုံးပြုနေကြပါကြောင်း၊ ၎င်းတို့အနက် အိမ်ထောင်စုအားလုံး၏ ၄၁ ဒသမ ရာခိုင်နှုန်းသည် သန့်ရှင်းပြီးဘေးကင်းသော သောက်သုံးရေဝန်ဆောင်မှုမှ ရယူအသုံးပြုနေသည်ကို သိရှိရပါကြောင်း၊ သန့်ရှင်းပြီးဘေးကင်းသော သောက်သုံးရေဝန်ဆောင်မှုကို ရယူသုံးစွဲမှုမှာ မြို့ပြ၌ ၆၃ ဒသမ ရာခိုင်နှုန်းနှင့် ကျေးလက်၌ ၃၂ ဒသမ ရာခိုင်နှုန်းရှိပါကြောင်း၊ မြို့ပြ အိမ်ထောင်စုအားလုံး၏ ဒသမ ရာခိုင်နှုန်းသာ မြေပေါ်ရေဖြစ်သည့် မြစ်ရေ၊ ချောင်းရေ၊ ဆည်ရေ၊ ကန်ရေ၊ တူးမြောင်းရေနှင့် ရေသွယ်မြောင်းရေတို့ကို သောက်သုံးရေအဖြစ် အသုံးပြုသော်လည်း ကျေးလက်၌ ၁၅ ဒသမ ရာခိုင်နှုန်းသည် မြေပေါ်ရေကို သောက်ရေအဖြစ် အသုံးပြုနေကြောင်းကို ကြားဖြတ်သန်းခေါင်စာရင်းအရ သိရှိရပါကြောင်း။

ထို့ကြောင့် မြို့ပြနှင့်ကျေးလက်ဒေသများ၌ နိုင်ငံသားအားလုံး သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိရေး၊ ရေရှားပါးသည့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ တောင်ပေါ်ဒေသများ၊ မြစ်ဝကျွန်းပေါ်နှင့် ကမ်းရိုးတန်းဒေသများ၌ မိုးရေခံ စုဆောင်းသိုလှောင်မှု၊ မြေပေါ်ရေ သန့်စင်ပေးဝေမှုနှင့် မြေအောက်ရေ ထုတ်ယူသုံးစွဲမှုများအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ  ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအဖွဲ့အစည်းများ၏ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မိမိတို့နိုင်ငံ၌ တစ်နိုင်ငံလုံးရေပေးဝေမှုနှင့် ရေဆိုးစွန့်ပစ်မှုဆိုင်ရာ လုပ်ငန်းအလိုက် စံသတ်မှတ်မှုအချက်အလက်များ၊ နေအိမ်များ၊ စက်ရုံများနှင့် အဆောက်အဦများတွင် မိုးရေခံစုဆောင်းမှုစနစ်ဆိုင်ရာ အချက်အလက်များ၊ မြေပေါ်မြေအောက် ရေပမာဏနှင့် ထုတ်ယူသုံးစွဲမှုဆိုင်ရာ အချက်အလက်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စုစည်းကောက်ယူရန် လိုအပ်ဆဲဖြစ်သည်ကို တွေ့ရှိရပါကြောင်း။

ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှတစ်ဆင့် အချက်အလက်များစုစည်း၍ စနစ်တကျ ညှိနှိုင်းပြုစုထားစေလိုပါကြောင်း၊ အဆိုပါအချက်အလက်များသည် မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှု လုပ်ငန်းများအတွက် များစွာအထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ပါကြောင်း။

ထို့ပြင် မြို့ပြနှင့် ကျေးလက်ဒေသများ၌ ရေပေးဝေမှု၊ ရေဆိုးစွန့်ပစ်မှုများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လမ်းညွှန်ချက်များ၊ စံသတ်မှတ်ချက်များ သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။

နိုင်ငံတော်အနေဖြင့် ရေကဏ္ဍအပါအဝင် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ပြည်သူများအတွက် အကျိုးရှိစေမည့် စီမံကိန်းလုပ်ငန်းများ၊ ဝန်ကြီးဌာနအဖွဲ့ အစည်းအလိုက် တာဝန်ယူဆောင်ရွက်နေကြသည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ၌ ဆက်နွယ်သည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ကယားပြည်နယ်အတွင်းရှိ သံလွင်မြစ် သောင်ထွန်းမှု၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နှင့် မြစ်ငယ်ချောင်းငယ်များတွင် ရေကြီးမှု၊ ရေလျှံမှုနှင့် ကမ်းပြိုမှုအခြေအနေများ၊ ရခိုင်ပြည်နယ် ဆတ်ရိုးကျချောင်း တိမ်ကောလာမှု၊ သံတွဲမြစ်အဝင် သဲနုံးသောင်တူးဖော်မှု၊ ဧရာဝတီမြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲမှုစီမံကိန်း အကောင်အထည်ဖော်ဆောင်မှု၊ System Information Data Center အချိန်မီတည်ဆောက်နိုင်ရေး၊ မန္တလေး - ရန်ကုန် ရေလမ်းကီလိုမီတာ (၁၀၀၀)အတွက် Electronic Navigation Charts ဆိုင်ရာ ကိစ္စရပ်နှင့် သန့်စင်သော သောက်သုံးရေးရရှိရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကော်မတီတွဲဖက်အတွင်းရေးမှူး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်းက အကြံပေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်မြို့တော်ဝန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ နေပြည်တော်ဒုတိယ မြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့မှုများ၊ သန့်ရှင်းသောသောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေး စီမံဆောင်ရွက်မှုများ၊ ရေဝေရေလဲဒေသများနှင့် သဘာဝရေထွက်များ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ ရေအရည်အသွေး တိုင်းတာစစ်ဆေးမှု၊ စွန့်ပစ်ပစ္စည်းများ ဆယ်ယူခြင်း၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ သဘာဝသယံဇာတ တူးဖော်မှုများကြောင့် ရေအရင်းအမြစ် ညစ်ညမ်းမှုလျှော့ချရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ဆိုင်ရာကိစ္စရပ်များ၊ စွမ်းအင်ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် ရေအရင်းအမြစ်ဆက်စပ်မှုများ၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် ရေအရင်းအမြစ် အသုံးချရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့မှုများ၊  ရေအရင်းအမြစ်နှင့်သက်ဆိုင်သည့် မဟာဗျူဟာကျသော စီမံကိန်းများနှင့် အခြေခံအဆောက်အအုံများ စီမံခန့်ခွဲခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ရေနှင့်ဆက်စပ်ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်များအပေါ် ထောက်ပံ့ကူညီရေးနှင့် ရေဘေးကြောင့် ထိခိုင်ဆုံးရှုံးမှု လျှော့ချနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ ရေအရင်းအမြစ်နှင့် သက်ဆိုင်သည့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရေပေးဝေရေးနှင့် စနစ်တကျသုံးစွဲနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ရေကြီးရေလျှံမှုကာကွယ်ရေး၊ ရေစီးရေလာ ကောင်းမွန်ရေးနှင့် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ရှင်းလင်းဆွေးနွေး အကြံပြုတင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များနှင့် အကြံပြုချက်များသည် မိမိတို့နိုင်ငံ၏ ရေအရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုများ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရေနှင့် ဆက်နွယ်သည့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် များစွာအထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း။

နိုင်ငံ၏ ရေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရေနှင့်ဆက်နွယ်သည့် စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပံ့ပိုးဆောင်ရွက်လျက်ရှိရာ ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ အောင်မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်