မကွေး၊  ၂၉  ဇန်နဝါရီ

ရေကြည်ရေသန့်နှင့် ရေညှိများပေါကြွယ်ဝသည့် မကွေးမြို့၊ ဧရာဝတီမြစ်ကမ်းအနီး၌ ဆောင်းခိုလာသည့် ရွှေဟင်္သာငှက်အကောင်ရေ ၃၀၀ ကျော် လာရောက်နားခိုနေကြောင်း မကွေးမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်ဝင်း ထံက သိရသည်။

 

“ရွှေဟင်္သာတွေက နှစ်တိုင်း ဒီဇင်ဘာနောက်ဆုံးပတ်ဆိုရောက်ပြီ။ ဒီနှစ် အကောင် ၃၀၀ ကျော်လောက်ရောက်တယ်။ မစုံသေးတာဖြစ်မယ်။ မနှစ်က ကောင်ရေ ၅၀၀ လောက်ရောက်တယ်။ တဖြည်းဖြည်းနဲ့ ရောက်လာကြတာဆိုတော့ ထပ်ပြီး ရောက်လာဦးမှာ။ သူတို့က အစာအတွက်လာကြတာ။ ရေကြည်ရေသန့်ကလည်း ရှိတယ်လေ”ဟု မကွေးမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်ဝင်း က ပြောသည်။

 

ရောက်ရှိလာသည့် ရွှေဟင်္သာများမှာ အုပ်စု ၃ စုခွဲ၍ နေကြပြီး မနက်ရောင်နီ လာစတွင်တစ်ကြိမ်၊ နေ့ခင်း ၁၂ အချိန်ခန့်တွင် တစ်ကြိမ်၊ ညနေခင်း နေဝင်ရီအချိန်၌ တစ်ကြိမ် အစာရှာ၊ ရေချိုးလေ့ရှိကြောင်း၊ ဟင်္သာတို့၏စရိုက်မှာ စီးနေသည့် မြစ်ရေပြင်ကြီးများထက် ရေကြည်ရေသန့်နှင့် ရေညှိပေါသည့် ချောင်းချိုး၊ မြစ်ချိုးကဲ့သို့ အကွေ့နေရာလေး များတွင် ဆောင်းခိုလေ့ရှိကြောင်း၊ ညအိပ်သည့်အခါ ရေအိုင်နှင့်မနီးမဝေး ကျင်းချိုင့်လေးများနှင့် သစ်ပင်ငယ်များ အောက်တွင် နေလေ့ရှိကြောင်း သိရသည်။

 

“ဒေသခံတံငါတွေနဲ့ မြစ်ရိုးချောင်းရိုးနေတဲ့သူတွေကို မေးကြည့်လိုက်တဲ့အခါမှာ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ရောက်ပြီး ဧပြီလမှဆိုပြန်တယ်လို့ သိရတယ်။ ပြန်သွားတဲ့နေရာကိုတော့ မသိကြသေးဘူး။ ဟင်္သာတွေက ရေညှိပဲစားတာ။ ဒေသခံတွေကိုယ်တိုင်ကလည်း ဟင်္သာတွေဆိုချစ်တယ်။ အသားမစားလို့”ဟု မြို့နယ်ဦးစီးအရာရှိ ဦးတင်ဝင်း က ပြောသည်။

 

ရွှေဟင်္သာများမှာ ထာဝစဉ်ကာကွယ်ထားသည့် တိရစ္ဆာန်စာရင်းထဲတွင် ပါဝင်ပြီး သတ်ဖြတ်စားသောက်၍ ပြစ်ဒဏ်စီရင်ခြင်း ခံရလျှင် ထောင်ဒဏ် ၇ နှစ် မှ ၁၀ နှစ်ထိ၊ ငွေဒဏ် ၁၀ သိန်း၊ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း၊ ယမန်နှစ်က ငှက်မုဆိုးများလာသည်ဟု သတင်းရသည့်အတွက် ယခုနှစ်တွင် သစ်တောဦးစီးက ကြိုတင်စောင့်ရှောက်နေပြီး ဒေသခံများကိုလည်း ညှဉ်းပန်းသတ်ဖြတ်ခြင်းမပြုရန် စည်းရုံးသိမ်းသွင်း အသိပညာပေးနေကြောင်း သိရသည်။

 

မကွေးမြို့နယ်အတွင်း၌ ဆောင်းခိုလေ့ရှိသည့် ရှားပါးငှက်မျိုးစိတ်လေးများကို လေ့လာစာရင်းပြုစုနေပြီး ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များ ရောက်နေသည့် နေရာကို တောအုပ်ကြီးတစ်ဦး၊ တောအုပ်တစ်ဦးနှင့် တောခေါင်းတစ်ဦး တို့ကို လှည်းကင်းတာဝန်ချထားကြောင်း မြို့နယ်သစ်တောဦးစီးဌာန က သိရသည်။

ဇေယျတု(မကွေး)