မကွေး၊ ၂၉ ဇန်နဝါရီ
မြန်မာနိုင်ငံမှ ဒေသမျိုးရင်းငါးမဟုတ်ဘဲ နိုင်ငံခြားမှ နည်းလမ်းပေါင်းစုံဖြင့်ရောက်ရှိလာသည့် ငါးမျိုးများကို သလာဝရေပြင် မြစ်၊ချောင်း၊အင်း၊အိုင် များထဲသို့ လွှတ်ခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားကြောင်း သိရသည်။
ပြည်ပမှငါးမျိုးစိတ်များကို ကြိုတင်ခွင့်ပြုချက်မရှိဘဲ တင်သွင်းခြင်း ၊ သားဖောက်ထုတ်လုပ်ခြင်း ၊ မွေးမြူသို လှောင်ခြင်း ၊ ရောင်းဝယ်ခြင်းနှင့် သဘာဝရေပြင်များထဲသို့ လွှတ်ခြင်းတို့ကို ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေဖြင့် တားမြစ်ထားသည်။
“နိုင်ငံခြားကတင်သွင်းတဲ့ ဒေသမျိုးရင်းမဟုတ်တဲ့ စုပ်ခွက်ငါး ၊ ပြည်ပငါးရံ့ ၊ အာဖရိကငါးခူ နဲ့ ပီးကော့ အလှမွေးငါးတွေကြောင့် ဒေသမျိုးရင်းငါးတွေ ၊ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ရေနေဂေဟစနစ်တွေအပေါ် လွှမ်းမိုးပြီး ပျက်ဆီးပြုန်းတီး နိုင်တာကြောင့် သတိပေးတားမြစ်မှုတွေ လုပ်ဆောင်နေရပါတယ်” ဟု မကွေးခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦး စိုးလှိုင်မြင့်က ဆိုသည်။
ပညာရှင်များ၏ လေ့လာချက်အရ Suckermouth catfish ဆိုသည့် စုပ်ခွက်ငါးဝင်ရောက်ပါက မွေးမြူရေး လုပ် ငန်းများ၌ အရှုံးပေါ်ကာ ဒေသငါမျိုးစိတ်များ၏ မျိုးပွားမှုကိုအဟန့်အတားဖြစ်စေခြင်း ၊ Toman Glant Snakehead ဆိုသည့် ပြည်ပငါးရံ့ နှင့် African catfish ဟုခေါ်သည့် အာဖရိက ငါးခူတို့မှာ အသားစားကျူးပြီး ဒေသမျိုးရင်းငါးများကိုစားသည့်အတွက် ငါးသယံဇာတပြုန်းတီးနိုင်ခြင်း ၊ Peacock bass ဟုခေါ်သည့် အလှမွေးငါးပီးကော့မှာ အစာများကိုလျင်မြန်စွာစားသုံးနိုင်သည့် အသားစားငါးမျိုးဖြစ်ခြင်း တို့ကို တွေ့ရှိခဲ့ရကြောင်း ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။
ငါးသယံဇာတ မထိခိုက်စရေန် ၂၀၁၀ ခုနှစ်ကစ၍ ပြည်ပငါးမျိုးစိတ်မွေးမြူခြင်းကို တားမြစ်မှုများ လုပ်ဆောင် နေခြင်းဖြစ်ပြီး သဘာဝရေပြင်များထဲသို့ ဇီဝိတဒါနအဖြစ် ငါးလွှတ်မည်ဆိုပါက ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း စသည့် ဒေသမျိုးရင်း ငါးများကိုသာ လွှတ်စေချင်ကြောင်း ဦးစိုးလှိုင်မြင့် က မေတ္တာရပ်ခံ ပြောကြားသည်။
မကွေးမြို့ရှိ အများပြည်သူအပန်းဖြေနေရာကန်သာကန်နှင့် ကမ်းနားလမ်း ညောင်ကိုးပင်ဆိပ်တို့တွင် သတိပေး၊ တားမြစ်၊ နှိုးဆော်ချက်များရေးသားထားသည့် ဗီနိုင်းပိုစတာများကို ငါးဦးစီးဌာနက စိုက်ထူထားရှိပြီး ရေနံချောင်းမြို့နှင့် ချောက်မြို့နယ်တို့တွင်လည်း အလားတူတားမြစ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


