နေပြည်တော် ၊ ၂၉ ဇန်နဝါရီ 

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် လွှတ်တော်အဆောက်အဦရှိ ထမင်းစားခန်းမ ဆောင်၌ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံပေးကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ဆောင်ရွက်ပေးနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုကြသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့်စပ်လျဉ်း၍ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက “ ဒီနေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို ကာကွယ်ဆေးထိုးပေးတာ ဖြစ်ပါတယ်။ အခုဆေးလာထိုးတဲ့ ကိုယ်စားလှယ်တွေကို သူတို့နေပြည်တော်ကိုရောက်တဲ့ ၂၃ ရက်က တစ်ကြိမ် ၊ ၂၈ ရက်ကတစ်ကြိမ် Swab Test ယူပြီး ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေးထား ပြီးဖြစ်ပါတယ်။ နှစ်ကြိမ်လုံး Negative  ဖြစ်ထားတဲ့ ကိုယ်စားလှယ်တွေကို ဆေးထိုးပေးနေတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးတဲ့အခါမှာလည်း ဆေးမ ထိုးခင် ကျွန်တော်တို့က သွေးပေါင်ချိန်တိုင်းတယ်။ အပူချိန်တိုင်းတယ်။ သွေးထဲမှာပါဝင်တဲ့ အောက်စီဂျင်ပမာဏကို တိုင်းတယ်။ လိုအပ်ရင် သက်ဆိုင်ရာ သမားတော်တွေနဲ့ ပြပေးပါတယ်။ ဆေးထိုးလို့ရတယ်ဆိုမှ ကျွန်တော်တို့ဆေးထိုးပေးပါတယ်။ ဆေးထိုးပြီးတဲ့ အခါမှာလည်း ကိုယ်စားလှယ်ကြီးတွေကို နာရီဝက်စောင့်ဆိုင်းပြီး အန္တရာယ်မရှိဘူးဆို တော့မှ အဆောင်ကို ပြန်စေပါတယ်။ အဆောင်မှာလည်း လိုအပ်တဲ့ Medical Cover ဆောင်ရွက်ပေးထားပါတယ်။ 

“ နေပြည်တော်မှာ အင်အား ၃၀၀၀ ကျော် ကာကွယ်ဆေးထိုးပြီးသွားပါပြီ။ ဆေးထိုးပြီးသွားတဲ့အခါ ဘာတွေခံစားရလဲဆိုတာ အမြဲစောင့်ကြည့်ပေးနေပါတယ်။ ဆိုးဆိုးရွားရွား Pressure  ကျသွားတာ၊ နှလုံးခုန်မမှန်တာမျိုး ဖြစ်တာကိုတော့ မတွေ့ရပါဘူး။ ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း ပြန်ပြီးမေးကြည့်တဲ့အခါမှာ တော်တော်များများ ဆိုးဆိုး ရွားရွားခံစားရတာမရှိပါဘူး။ ကိုယ်လက်ညောင်းတာ၊ ကိုက်တာ၊  မအီမသာ ဖြစ်တာ၊ ဖျားသလိုလို၊ ကိုက်သလိုလိုဖြစ်တာ တွေရှိတယ်လို့ သိရပါတယ်။ အဲဒီလိုဖြစ်တာတွေရှိတယ်ဆိုပြီး အရေအတွက်အားဖြင့် လူ ၃၀၀၀ ကျော်မှာ ၆၀၀ လောက် သတင်းပို့ကြပါတယ်။ “ကာကွယ်ဆေး တစ်မျိုးမျိုးကို ပြည်သူတွေကြားထဲမှာ အသုံးပြုတော့မယ်ဆိုရင် နှစ်ခုစဉ်းစားရပါတယ်။ ပထမအချက်ကတော့ ဒီဆေးရဲ့ အရည်အသွေးကောင်း၊မကောင်း၊ အာနိသင်ရှိ၊ မရှိပါ။ ဒုတိယတစ်ချက်ကတော့ ဒီဆေးထိုးလိုက်လို့ အန္တရာယ်မဖြစ်ဖို့ပါ။ ကျွန်တော်တို့အတွေ့အကြုံအရတော့ ဒီဆေးထိုးတဲ့အချိန်မှာ Safety တော်တော်ကောင်း ပါတယ်။ ဒါကြောင့် ဒီဆေးရဲ့ Safety ကိုတော့  ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုမရှိပါနဲ့၊ ထိုးလို့ရပါတယ်လို့ ပြောချင်ပါတယ်။

“ ဆေးထိုးပြီးတဲ့အခါမှ ၂၄ နာရီတော့ စောင့်ကြည့်ရမယ့် အနေအထားပါ။ ကိုယ်လက်မအီမသာဖြစ်ရင်  Paracetamol, Cetirizine စတဲ့ ဆေးတွေကို သောက်ဖို့ လည်း အကြံပြုထားပါတယ်။ ဒီအချိန်မှာတော့ပုံမှန်စားပါ၊ ရေများများသောက်ပါ၊ အာဟာ ရဖြစ်အောင် ဗီတာမင်စီများများစားပါ၊ အိပ်ရေးဝအောင်အိပ်ပါလို့ အကြံပြုချင်ပါတယ်” ဟု ပြောသည်။

ယနေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၁၅) ဦး ကာကွယ်ဆေးထိုးနှံကြ ပြီး ဇန်နဝါရီ ၃၀ ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၆၀)ကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ်များအား သက်ဆိုင်ရာ လွှတ်တော်ရုံးများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများကို တစ်ဦး ချင်းဖြန့်ဝေပေးထားကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တော်တို့တွင် တာဝန်ထမ်းဆောင် ကြသည့် အရာထမ်းနှင့် အမှုထမ်းဝန်ထမ်းများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။

သတင်း- မျိုးမင်းနိုင်၊ ဓာတ်ပုံ- စိုးဝင်းထွန်း