နောင်တရား၊  ၃၀ ဇန်နဝါရီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ အာလူးစိုက်တောင်သူများ စုပေါင်းဖွဲ့စည်းထားသည့် နောင်တရား အာလူးအသင်းအဖွဲ့က ဒေသနှင့်ကိုက်ညီသည့် မာ အာလူးမျိုး(၂၅)တန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။

 

“နောင်တရားအာလူးအသင်းကုမ္ပဏီက ဒီနှစ်မှာ နိုင်ငံခြားကနေ ဒေသနှင့်ကိုက်ညီတဲ့ မာအားလူးမျိုးသစ် (၂၅)တန်ကို စတင် တင်သွင်းတယ် ယခင်နှစ်တွေတုန်းကတော့ အခြားကုမ္ပဏီကနေ ဝယ်တယ်၊ ၂၀၁၅-၂၀၁၆ ခုနှစ်တုန်းက အခွန်ကင်းလွတ်ခွင့်ပေးတော့ နောင်တရားအရောက် တစ်ပိဿာ ကျပ် ၁၇၀၀ ကုန်ကျတယ် ယခုအခွန် ၁၅ ရာခိုင်နှုန်း ဆောင်ရတော့ နောင်တရားအရောက် တစ်ပိဿာ ၂၅၀၀ ကုန်ကျတယ်၊ အာလူးမျိုးသစ် စိုက်ပျိုးပြီး ထွက်ရှိလာတဲ့အာလူးတွေကို အအေးခန်းထဲထည့်ပြီး တောင်သူတွေကို ပြန်လည်ဖြန့်ဝေပေးသွားပါမယ်” ဟု နောင်တရားအာလူးအသင်း ဥက္ကဋ္ဌ ဦးခွန်ဆန်းဦး က ပြောသည်။ အာလူးစိုက်ပျိုးသည့် တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးနိုင်စေရန်၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိစေရန်၊ အထွက်နှုန်းကောင်းစေရန်၊ အာလူးစားသုံးသူများ ကောင်းမွန်ပြီးအရသာရှိသည့် အားလူးဖြစ်စေရန်၊ အားလူးကြော် လုပ်ငန်းများအတွက် အရည်အသွေးကောင်းမွန်စေရန်  စသည့်ရည်ရွယ်ချက်များဖြင့် အာလူးမျိုးတင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

နောင်တရားမြို့၌ အာလူးစိုက်တောင်သူများစုပေါင်းကာ အာလူးအအေးခန်းကို တည်ဆောက်လျက်ရှိပြီး မေလအတွင်း ပြီးစီးမည်ဟု သိရသည်။

 

အဆိုပါ အာလူး အအေးခန်းတည်ဆောက်ပြီးစီးသွားပါက အရည်အသွေးပြည့်မီသည့် အာလူးများဈေးကွက်သို့ တင်ပို့နိုင်ခြင်း၊ အာလူးမျိုးများကို ကြာရှည်ထိန်းသိမ်းနိုင်ခြင်း၊ နိုင်ငံခြားမှ အာလူးမျိုးများတင်သွင်းမှု လျော့ကျစေခြင်း၊ အာလူးစိုက်တောင်သူများ ဈေးနှုန်းချိုသာစွာဖြင့် စိုက်ပျိုးနိုင်လာခြင်း စသည့် အကျိုးကျေးဇူးများကိုလည်း ခံစားရမည်ဟု သိရသည်။

ခွန်အောင်(နောင်တရား)