ဝန်းသို၊ ၃၀ ဇန်နဝါရီ
“ဝ” ဥ စိုက်ပျိုးနည်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ်(၂) ဆင်းပွဲကို ဇန်နဝါရီ ၂၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ တပ်လွင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်ဝင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေတို့က သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူ(၄၀)ဦးနှင့် သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သော သင်တန်းသား/ သူများအား တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ပြီး “ဝ” ဥမျိုးစေ့ ပိဿာအချိန် (၅၀)ကို ထောက်ပံ့ပေးခဲ့သည်။
အဆိုပါသင်တန်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းတွင် “ဝ” ဥစိုက်ပျိုးနည်း၊ ကောက်ရိုးယူရီရားပြုလုပ်နည်း၊ တိုင်းရင်းကြက်မွေးမြူရေးကျင့်စဉ်၊ တိရစ္ဆာန်ကူးစပ်ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မြေ၊ မျိုး၊ ပိုး၊ သီးနှံကာကွယ်ရေးအကြောင်း သိကောင်းစရာများ၊ သဘာဝမြေဩဇာ ပြုလုပ်နည်း စသည့်ဘာသာရပ်များကို သင်တန်းကာလ(၅)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


