ဂန့်ဂေါ၊ ၃၀ ဇန်နဝါရီ
ဂန့်ဂေါမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် CERP အရ ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် ဆင်းသုခစပါး မျိုးစေ့ထုတ်စိုက်ခင်းကို ဧက ၄၆၀ တွင် စိုက်ပျိုးခဲ့ရာ အဆိုပါ စိုက်ခင်းများမှ ရရှိသည့် မျိုးစေ့အရည်အသွေး စစ်ဆေးရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မန္တလေးမြို့ရှိ စိုက်ပျိုးရေး ဦးစီးဌာန အထက်မြန်မာပြည် မျိုးစေ့ဓါတ်ခွဲခန်းသို့ မျိုးစေ့နမူနာများ ယခုလ နောက်ဆုံးပတ်အတွင်းက ပေးပို့ထားသည်။
ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မိုးစပါးရာသီတွင် ဆင်းသုခ စပါးမျိုး မျိုးသန့်မျိုးပွား မျိုးစေ့မှ စီးပွားဖြစ် မျိုးသန့်မျိုးစေ့အဖြစ် မျိုးစေ့ထုတ်စိုက်ခင်း ၄၆၀ ဧက ကို ကျေးရွာ ၁၀ ရွာတွင် တောင်သူ ၂၁၆ ဦးက စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး စုစုပေါင်း စပါးတင်း ၃၂၄၄၃ တင်း ထွက်ရှိကြောင်း နှင့် မျိုးစေ့အရည်အသွေး စစ်ဆေးနိုင်ရန် မျိုးစေ့နမူနာ ၂၁၆ ထုပ်ကို မျိုးစေ့ဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
အပင်ပွားစည်းချိန် ပထမအကြိမ် မျိုးကွဲနှုတ်ပယ်ခြင်း၊ ဒုတိယအကြိမ်အဖြစ် အနှံစုံချိန်နှင့် တတိယအကြိမ်အဖြစ် အနှံရင့်မှည့်ချိန်တို့တွင် မျိုးကွဲနှုတ်ပယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ထားကြောင်း၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးကာ ဆန်နီ၊ မျိုးကွဲအပင်နှင့် လက်မခံနိုင်သည့် ပေါင်းပင်၊ ပိုးမွှားရောဂါကျအပင်များ ကင်းစင်ကြောင်း တွေ့ရှိရမှသာ မျိုးအဖြစ် ရိတ်သိမ်းကြရကြောင်း၊ ရိတ်သိမ်းပြီး ထွက်ရှိလာသော စပါးများကိုလည်း မျိုးစေ့ဓါတ်ခွဲခန်း သို့ပေးပို့ပြီး မျိုးစေ့အဆင့်အလိုက် သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် စပါးများကိုသာ မျိုးစေ့အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။
တောင်သားမောင်သန်း


